Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဆောင်းနေကြာ၊ ပဲတီစိမ်းနှင့် နွေစပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် စာရင်းဇယားအချက် အလက်များ မှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ်လမ်းညွှန်မှာကြား

ဆောင်းနေကြာ၊ ပဲတီစိမ်းနှင့် နွေစပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် စာရင်းဇယားအချက် အလက်များ မှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ်လမ်းညွှန်မှာကြား

ပဲခူး ဒီဇင်ဘာ ၁၅

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆောင်းနေကြာ၊ ပဲတီစိမ်းနှင့် နွေစပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်ရန် ပြောကြားသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောင်းနေကြာနှင့် ပဲတီစိမ်းစိုက်ဧကများအတွက် လိုအပ်သည့် သွင်းအားစုများ ထောက်ပံ့ပေးသွားမည့် လုပ်ငန်းစဉ်သည် တောင်သူများအတွက် အမှန်တကယ်အကျိုးရှိပြီး Quick Wins ဖြစ်ပေါ်စေသည့် စီမံချက် တစ်ခုဖြစ်၍ မြို့နယ်အလိုက် အောက်ခြေအဆင့်ထိ ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း၊ နွေစပါးရာသီ တွင်လည်း လိုအပ်သော မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေးသွင်းအားစုများကို ထပ်မံပံ့ပိုးဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု၏ စီးပွားရေး ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ အကောင်အထည်ဖော် ရာတွင် စာရင်းဇယားအချက်အလက်များအပေါ် အခြေခံပြီးဆောင်ရွက်ရသဖြင့် မြေပြင်တွင် အမှန်တကယ် စိုက်ပျိုးသည့်ဧကများ၊ အထွက်နှုန်းများအား တိကျမှန်ကန်စေရန် လိုအပ်ကြောင်း၊ တောင်သူများ စိုက်ပျိုးရေးနည်းပညာများ တိုးတက်လာစေရေး၊ အစေ့ချ စိုက်နည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စေရေးတို့အတွက် အသိပညာပေးခြင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမှာဖြစ်သလို မိမိတို့အစိုးရအဖွဲ့မှလည်း မြို့နယ်အလိုက် Drum Seeder များဖြန့်ဝေပေးထားပြီးဖြစ်သလို မြေဖွပေါင်းရှင်းစက်များလည်း ထပ်မံပံ့ပိုးပေးသွားမှာဖြစ်ကာ ဆောင်းနေကြာနှင့် နွေစပါးတိုးချဲ့စိုက်ပျိုး နိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ရေရရှိရေးဆောင်ရွက်ပေးသွားမှာဖြစ် ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲတီစိမ်း၊ ဆောင်းနေကြာနှင့် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းစဉ်များအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ် အလိုက် (၂)သီး၊ (၃)သီး တိုးချဲ့စိုက်ပျိုးသွားမည့် စီမံချက်များကိုလည်းကောင်း အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။