Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တင်ဒါလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြား

တင်ဒါလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြား

ပဲခူး ဒီဇင်ဘာ ၂၈
==================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဌာနဆိုင်ရာရုံးများ၊ စစ်ဆေးရေးဂိတ်များ လုံခြုံရေးအထူးဂရုစိုက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများလည်း အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုအခါသည် နှစ်ဝက်(Mini Budget) ဖြစ်၍ တင်ဒါလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လယ်ယာမြေအခြားနည်းသုံးစွဲခွင့် လျှောက်ထားမှုများအပေါ် သေချာစိစစ်၍ စိုက်ပျိုးနိုင်သည့် လယ်ယာမြေများ ဆုံးရှုံးမှုမရှိစေရေး ဌာနဆိုင်ရာ အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ဖြစ်ကြောင်းနှင့် စစ်တောင်းမြစ် ကမ်းပြိုနေရာများ၌ ဒီရေကာကွယ်တောများ စနစ်တကျစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြား ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးတို့မှ လုံခြုံရေးကြိုတင် ဆောင်ရွက်သွားနိုင်ရေး၊ တင်ဒါလုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရေး၊ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာ သတိထားရမည့်ကိစ္စရပ်များ၊ ပန်းခင်းစီမံချက် သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးနိုင်ရေးနှင့် တိုင်းရင်း သားလူမျိုးများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ အကြံပြု တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးဆင့်ဌာနဆိုင်ရာများ၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ၊ သင်တန်းကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် သီးခြား လိုအပ်ချက်များ တင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။