Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တစ်ကွင်းတစ်ဆက်တည်း တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀) စပါးမျိုး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ် ကွက် ဓါတ်မြေဩဇာ ကြဲပတ်နေမှုအား သွားရောက်ကြည့်ရှုအားပေး

တစ်ကွင်းတစ်ဆက်တည်း တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀) စပါးမျိုး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ် ကွက် ဓါတ်မြေဩဇာ ကြဲပတ်နေမှုအား သွားရောက်ကြည့်ရှုအားပေး

ဝေါ ဇူလိုင် ၂၆

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း တောင်သူလယ်သမားဘဝဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာ အုပ်စုရှိ စိုက်ပျိုးရေးရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီး ဌာနမှူးမှ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြ ခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူ တွက်ခြေကိုက်ပြီး အထွက်တိုးကာ ရက်တိုသည့် မျိုးကောင်းမျိုးသန့် စပါးမျိုးများ အလွယ်တကူရ ရှိစေရေး၊ သဘာဝမြေဩဇာ ထုတ်လုပ်နည်းများ အသိပညာပေးဆောင်ရွက်ရန်၊ ကျွဲနွားမွေးမြူသူများအား ပရိုတင်း ဓါတ်ကြွယ်ဝသည့် နေဗီယာမြက်စိုက်ပျိုးစေရေးနှင့် ဒေသကြက် တွဲဖက်မွေးမြူနိုင်ရေး စည်းရုံး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး မြေဆွေးမှ သဘာဝမြေဩဇာပြုလုပ်ထားရှိမှုနှင့် တောင်သူ(၁၁)ဦးပိုင် တစ်ကွင်းတစ်ဆက်တည်း တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀) စပါးမျိုး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ဓါတ်မြေဩဇာကြဲပတ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ အင်းတိုင်စုကျေးရွာရှိ ဦးငြိမ်းချမ်း၏ တိုင်းရင်းကြက်ကောင်ရေ(၁၆၅၀)ကောင် မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းရင်းကြက် မျိုးကောင်းမျိုးသန့်ရရှိစေရေး၊ သဘာဝကြက်စာများဖြစ်သည့် နေဗီယာမြက်နှင့် ရေမှော်ပင်များ တွဲဖက်ကျွေးမွေးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

                  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများဖြင့် အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)အား Online System ဖြင့် Software Program အတွင်း ထည့်သွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး သတ်မှတ်ချိန်အမီ ပြီးစီးနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။