Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းဆင်းပွဲသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်

တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းဆင်းပွဲသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်

ပဲခူး ဇွန် ၃၀

================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ (၃၀)ရက်နေ့ နံနက်(၁၀:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန်ခန်းမ၌ တန်ဖိုးမြှင့်စားသောက် ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယခု ဖွင့်လှစ်သင်ကြားပေးခဲ့သည့် သင်တန်းသည် ပြည်ပသွင်းကုန်အစားထိုး ဒေသထွက်သီးနှံ ပစ္စည်း များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေး သင်တန်းဖြစ်ပြီး လက်တွေ့မှာလည်း မိသားစုများ၏ တစ်ဘက်တစ်လမ်းမှ ဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြား တတ်မြောက်ခဲ့သည့် တန်ဖိုးမြှင့်ထုတ်ကုန် နည်းပညာများအား မိမိတို့၏ လူမှုပတ်ဝန်းကျင်တွင် လည်း အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရာတွင် သုသေတနလုပ်ငန်းများကိုလည်း တွဲဖက်ဆောင်ရွက်စေလိုကြောင်း၊ ဒါမှသာ သုံးစွဲသူပြည်သူများ အနေဖြင့် အန္တရာယ်ကင်းရှင်းပြီး သက်သာသောနှုန်းထားဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ကျယ်ပြန့်စွာ သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက သင်တန်းသူ များကိုယ်စား ဒေါ်မင်းမင်းစိုးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသူ ဒေါ်အေးငြိမ်းဆုမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ သင်တန်းသူတစ်ဦးမှ သင်တန်းတွင် ထုတ်လုပ်ထားသည့် တန်ဖိုးမြှင့်ထုတ်ကုန်များအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် သင်တန်း၌ လက်တွေ့ဆောင်ရွက်ခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်များ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်များ ထုတ်လုပ်ခြင်းသင်တန်းအား ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ ဇွန်လ(၂၁)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ သင်တန်းသူ (၂၀) ဦးအား စာတွေ့ ၃၀% လက်တွေ့ ၇၀% နှင့် Product၊ Quality Control ၊ Packaging တို့ကိုပါ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။