Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူး ဇွန် ၂၁

================

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ (၂၁)ရက်နေ့ နံနက်(၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန်ခန်းမ၌ ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းအား တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ရာသီအလိုက် ထွက်ရှိတဲ့ သီးနှံများအား တာရှည်ခံ တန်ဖိုးမြှင့် စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချခြင်း အားဖြင့် တပ်ဖွဲ့ဝင်မိသားစုများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွါးရရှိနိုင်မည်ဖြစ်ကြောင်း၊ COVID -19 ကပ်ရောဂါ ကာလအတွင်းဖြစ်၍ လက်ဆေးဆပ်ပြာ၊ Hand Gel ၊ Spary များ ထုတ်လုပ်ခြင်းကိုလည်း သင်ကြားပေးမည်ဖြစ်၍ အလွန်အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်သည့် အတွက် စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ  တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းတွင် သင်ကြားပေးမည့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။

အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းအား ဇွန်လ(၂၁)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ သင်တန်းသူ (၂၀) ဦးအား စာတွေ့ ၃၀% လက်တွေ့ ၇၀% သင်ကြားပေးမည်ဖြစ်ပြီး Product၊ Quality Control ၊ Packaging တို့ကိုပါ သင်ကြားပေးသွား မည်ဖြစ်သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ရောက်ရှိခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ဆက်သွားမည့် Road Map (၅)ချက်၊ ညွှန်ကြားချက်များအား ရှင်းလင်းပြောကြာခဲ့ပြီး တက်ရောက်လာကြသူများက ရပ်ကွက်အတွင်း ကွန်ကရစ်လမ်း လိုအပ်ချက်၊ လျှပ်စစ်မီး လိုအပ် ချက်၊ ဝန်ထမ်းအိမ်ရာ လိုအပ်ချက်၊ ကဝမြို့အဝင်တံတား အဆင့်မြှင့်တင်ပေးနိုင်ရေးနှင့် စက်ရုံ အလုပ်ရုံ တည်ဆောက်ခွင့်ပြုပေးနိုင်ရေး လိုအပ်ချက်များ တင်ပြခဲ့မှုအပေါ် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တင်ပြချက်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး ဒေသခံပြည်သူများအတွက် ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ကဝမြို့၊ (၆) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ ဦးကျော်သူ၏ ဒေသမျိုးကြက် မွေးမြူရေးခြံနှင့် ဇွဲဘာကျေးရွာရှိ ဒေါက်တာနိုင်လင်းဆွေ၏ စီးပွါးဖြစ် ဥစားဘဲ(၂၀၉၀၀) ကောင် မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး စျေးကွက်ခိုင်မာမှုရရှိရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ ဖလေးစံပြကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်မတ်ကော်စေတီသို့ သွားရောက်ဖူးမြှော်ခဲ့ပြီး စေတီတော်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အလှူငွေကျပ်(၃) သိန်းအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။