Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းကြည့်ရှု အားပေး

တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းကြည့်ရှု အားပေး

ပဲခူး နိုဝင်ဘာ ၁

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါ လျက် နိုဝင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက တိရစ္ဆာန်ကောင်ရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူနေမှု များအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာသို့ ရောက်ရှိ ခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဝန်ထမ်းများမှ နေအိမ်အလိုက် မွေးမြူထားသည့် တိရစ္ဆာန် အမျိုး အစားအလိုက် ကောင်ရေစာရင်းအား သတ်မှတ်ပုံစံများဖြင့် တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူနေမှု များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်တွင်းအသားစားသုံးမှုတွင် အစားအစာ ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော သားငါးရိက္ခာဖူလုံစေရန် ၊ ပြည်တွင်း/ပြည်ပ ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော မွေးမြူထုတ်လုပ်မှုအစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန်၊ မွေးမြူရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးလာစေရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်    အရေးပါသည့် တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ရခြင်းဖြစ်၍ စာရင်းဇယားအချက်အလက်များ မှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိရစ္ဆာန်အမျိုးအစားအလိုက် တိုးချဲ့မွေးမြူနိုင်ရေး၊ တိရစ္ဆာန်အစာ အစားထိုး နေဗီယာမြက်စိုက်ပျိုးရန်နှင့် မျိုးကောင်းမျိုးသန့်ရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။

          အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းအား နိုဝင်ဘာလ(၁)ရက်နေ့မှစ၍ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအလိုက် တစ်ပြိုင်တည်းကောက်ယူလျက်ရှိကြောင်း သိရှိရသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အိုးဘိုကျေးရွာအတွင်း ဖြတ်သန်းစီးဆင်း လျက်ရှိသည့် အိုဘိုချောင်းကူးတံတားအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်အသုံးပြုနိုင်ရေး လိုအပ်သည်များ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အိုဘိုကျေးရွာ၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)သို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကျေးရွာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး‌ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။