Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့အတွင်းရှိ ပညာရေးဒီဂရီကောလိပ်နှင့် ပြည်တက္ကသိုလ်သို့ သွားရောက်၍ တွေ့ဆုံအားပေးစကားပြောကြား

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့အတွင်းရှိ ပညာရေးဒီဂရီကောလိပ်နှင့် ပြည်တက္ကသိုလ်သို့ သွားရောက်၍ တွေ့ဆုံအားပေးစကားပြောကြား

ပြည် နိုဝင်ဘာ ၁၂
=====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ(၁၂)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့အတွင်းရှိ ပညာရေးဒီဂရီကောလိပ်နှင့် ပြည်တက္ကသိုလ်သို့ သွားရောက်၍ ပညာရေး ဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ပြည်ပညာရေး ဒီဂရီကောလိပ်၊ ခေတ္တရာခန်းမသို့ သွားရောက်၍ မွမ်းမံသင်တန်း တက်ရောက်နေသည့် အခြေခံပညာဆရာ/ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး သင်တန်းတက် ရောက်နေသည့် အခြေခံပညာဆရာ/ဆရာမ(၁၀၇)ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၁၄၀၀၀၀)၊ သဘက်အကြီး(၁၀၇)ထည်၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ပညာရေးဒီဂရီကောလိပ်အတွက် သီးခြားထောက်ပံ့ငွေကျပ်(၁၀)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်မှ ခေတ္တရာခန်းမ ဥပဓိရုပ် ကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး သရုပ်ပြ၊ နည်းပြ ဆရာ/ဆရာမ သစ်လွင်များ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မွန်းမံသင်တန်းတက်ရောက်နေသည့် သရုပ်ပြ၊နည်းပြ ဆရာ/ဆရာမ(၁၁၉)ဦးအတွက် ထောက်ပံ့ငွေကျပ်(၂၃၈၀၀၀၀)၊ သဘက်အကြီး (၁၁၉)ထည်၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ပြည်တက္ကသိုလ်အတွက် သီးခြားထောက်ပံ့ငွေကျပ် (၁၀)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းဝန်းအတွင်း ရေကြီးရေလျှံမှု မဖြစ်ပေါ် စေရေး ရေထုတ်မြောင်းများ ကောင်းမွန်းစေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများသည် နောင်တစ်ချိန်တွင် တိုင်းပြည်ပညာရေးကဏ္ဍ တိုးတက် ဖွံ့ဖြိုးလာစေဖို့ ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြရမယ့်သူများဖြစ်၍ ဆရာ၊ ဆရာမတို့ အနေနဲ့ ကျောင်းသူ၊ ကျောင်းသားများအပေါ် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ကရုဏာ၊ စံနမူနာပြ ဆရာ၊ ဆရာမများဖြစ်အောင် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ကာ တာဝန် ကျေပွန်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည် မိမိဘဝတိုးတက်အောင်ဆောင်ရွက်ကြရမှာဖြစ်သလို မိမိ၏ ဝမ်းစာပြည့်ဝစေဖို့ သုတေသန လုပ်ငန်းများကိုလည်း တစ်ဖက်က တစိုက်မတ်မတ် ရှာဖွေဖော်ထုတ်ပြီး နိုင်ငံ့ကို အကျိုးပြုနိုင်တဲ့သုတေသီများဖြစ်လာအောင် ကြိုးစားသွားကြ ရမှာဖြစ်သလို တစ်ဘက်မှာလည်း ကျောင်းသူ၊ ကျောင်းသားများ၏ အတွေးအခေါ် မြင့်မားကာ မိမိခြေလှမ်းပေါ် မိမိရပ်တည်နိုင်ပြီး ဘဝတိုးတက်မှုရှာဖွေနိုင်သော အနာဂတ် လူငယ်များဖြစ်လာအောင် ဆရာ၊ ဆရာမများက ပြုစုပျိုးထောင်ပေးကြရမှာဖြစ်ကြောင်း၊ သစ်လွင်ဆရာ၊ ဆရာမများသည် ခေတ်မီတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် အဓိကအခန်းကဏ္ဍမှာ ပါဝင်ကြရမည့်သူများ ဖြစ်တဲ့အတွက် ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်သော သူများဖြစ်လာအောင် သစ်လွင်ဆရာ၊ ဆရာမများအနေနဲ့ ယနေ့မှစ၍ အားထုတ်ကြိုးပမ်းပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တက္ကသိုလ်ဝန်းအတွင်းရှိ ကျောင်းသူ (၁၉၂)ဦးဆံ့ ရတနာဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် (၄)ခန်းတွဲ(၄)ထပ် ဆရာ/ဆရာမ အိမ်ယာတည်ဆောက် နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။