Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်ဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေဆုံပွဲ ကျင်းပပြုလုပ်

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်ဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေဆုံပွဲ ကျင်းပပြုလုပ်

ပြည် ဇန်နဝါရီ ၁၇
====================

ပြည်မြို့၊ အလင်္ကာဟိုတယ်၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပြည်ဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေဆုံပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်(၁၉)ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး ခရီးသွားလုပ်ငန်းသစ်များ ဖော်ထုတ်ခြင်း၊ ရှိပြီးသား ခရီးသွားလုပ်ငန်းများ ပြန်လည်အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နိုင်တော်အပိုင်းမှလည်း ထိုက်သင့်သည့် ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပြီးဖြစ်၍ ထိုက်သင့်သည့် အခွန်များ အပြည့်အဝပေးဆောင်ရန်လိုအပ်ကြောင်း၊ ပြည်ဒေသထွက် အစားစာများသည် လူကြိုက်များအောင်မြင်လျက်ရှိပြီး ထပ်မံ၍ ထုတ်ပိုးမှုစနစ် အဆင့်မြှင့်နိုင်နိုင်ပါက ပြည်ပခရီးသွားများ ပိုမိုစိတ်ဝင်စားလာမှာဖြစ်ကြောင်း၊ အဓိကအားဖြင့် ခရီးသွားမြို့တော်သည် သန့်ရှင်းသပ်ရပ်စေရေး လိုအပ်သလို မသန်စွမ်းများအတွက်လည်း အဆင်ပြေစွာ တည်းခို၊ သွားလာနိုင်ရေးနှင့် Public Toilet များ စီစဉ်ထားရမှာဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများတွင် စက်ဘီးဖြင့် ခရီးသွားခြင်း၊ မြင်းစီးခရီးသွားခြင်း၊ သင်္ဘောဖြင့် ခရီးသွားခြင်း၊ လမ်းလျှောက်ခရီးသွားခြင်းစသည့် ခရီးစဉ်အလိုက် တည်းခိုသူစိတ်ကြိုက် ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်ဒေသတွင် ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်များလည်း စိုက်ထူပေးထားပြီးဖြစ်သော်လည်း မီဒီယာအားကိုယူ၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်းနှင့် တက်ရောက်လာသည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်ဒေသခရီးသွားလုပ် ဖွံ့ဖြိုးတိုးတက်စေရေး ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သရေခေတ္တရာရှေးဟောင်းဇုံ၊ ဥက္ကဋ္ဌ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ တည်းခိုခန်းလုပ်ငန်းရှင်များအသင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ သရေခေတ္တရာမြင်းစီးအသင်း၊ ရိုးရာစားသောက်ကုန် လုပ်ငန်းရှင်များအသင်းနှင့် ရိုးရာပစ္စည်း အရောင်ဆိုင်များအသင်း ဥက္ကဋ္ဌများက ပြည်ဒေသခရီးသွားလုပ်ငန်းအား ပိုမိုအောင်မြင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်အချက်များကိုလည်းကောင်း၊ ချေးငွေရရှိရေးနှင့် မြေယာပိုင်ဆိုင်မှုရရှိရေး၊ ဒေသအစားအစာပြိုင်ပွဲနှင့် ရိုးရာအားကစာပြိုင်ပွဲ ကျင်းပနိုင်ရေးတို့အား အသီးသီးတင်ပြဆွေးနွေခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွါးရေးရာဝန်ကြီး ဦးတင်ဦးက တိုင်းဒေသကြီးခရီးသွားလုပ်ငန်းကော်မတီမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ထပ်မံဆောင်ရွက်ပေးသွားဖြင့် အစီအစဉ်များအား ရှင်လင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ပြည်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ကဏ္ဍအလိုက် ပြန်လည်ရှင်းလင် ပြောကြားခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။