Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ တန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ တန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပဲခူး နိုဝင်ဘာ ၇

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နိုဝင်ဘာလ(၆)ရက်နေ့နှင့် (၇)ရက်နေ့တို့တွင် ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်၊ ယာဉ်ရပ်နားဝန်းတွင် တန်ဆောင်တိုင်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိ/မြို့ဖများ ပူးပေါင်း၍ တန်ဆောင်းမုန်းလပြည့်နေ့ တွင် ဗုဒ္ဓအသံသာသနာ့ဗိမ္မာန်အရှေ့ စတုဒီသာမဏ္ဍပ်၌ ဘုရားဖူးလာပြည်သူများ၊ MSMEs ဈေးရောင်းပွဲ တော်လာ ပြည်သူများ၊ တန်ဆောင်တိုင်ပွဲသို့ လာရောက်သည့် ပြည်သူများ စုစုပေါင်း လူဦးရေ(၁)သောင်း စတုဒီသာကျွေးမွေးနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

          ထို့နောက် ညပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချု်ပနှင့်အဖွဲ့သည် နိုင်ငံကျော် အဆိုတော်များနှင့် တေးဂီတဖျော်ဖြေ တင်ဆက်နေမှုများ ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

          ပဲခူးမြို့၊ တန်ဆောင်တိုင်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး မြို့နယ်များမှ လာရောက်ပြသသည့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော်အား အများပြည်သူလူထုမှ စိတ်ဝင်တစား လာရောက်ကြည့်ရှု လေ့လာခဲ့ကြပြီး လူသုံးကုန်၊ စားသုံးကုန်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူခဲ့ကြကြောင်း သိရှိရသည်။

          ဆက်လက်၍ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား ကျင်းပပြုလုပ်ရာ ဗုဒ္ဓမြတ်စွာဘုရားအား ရည်မှန်းပြီး ဒေသခံပြည်သူများနှင့် တိုင်းရင်းသားများက မီးစင်္ကြာဖြင့် လှည့်လည် ပူဇော်ခဲ့ပြီးနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု မီးပုံးပျံအား စတင်မီးညှိ၍ လွှတ်တင်ပေးခဲ့ပြီး မီးပုံးပျံလွှတ်တင်သည့်အဖွဲ့များနှင့် တိုင်းရင်းသား အကအဖွဲ့တို့အား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်ကာလ နိုဝင်ဘာလ(၆)ရက်နှင့် (၇)ရက်နေ့ တို့တွင် စုစုပေါင်းအရုပ်မီးပုံးပျံ(၄)လုံး၊ အထိမ်းအမှတ်ရုပ်ပုံပါ စိန်နားပန်မီးပုံးပျံအကြီး(၁၂)လုံးနှင့် မီးပုံးပျံ အသေးအလုံး (၁၃၀၀)တို့အား စည်ကားသိုက်မြိုက်စွာ လွှတ်တင်ခဲ့ကြောင်း သတင်းရရှိသည်။