Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၏ စားရေရိက္ခာဖူလုံစေ ရေးနှင့် သီးခြားလိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ ကူညီပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိ

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၏ စားရေရိက္ခာဖူလုံစေ ရေးနှင့် သီးခြားလိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ ကူညီပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိ

ပဲခူး ဩဂုတ် ၁၃

      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက် ပိုင်းက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၏ စားရေရိက္ခာဖူလုံစေရေးနှင့် သီးခြားလိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ သာသနာ့ဗိမာန်အောက်ထပ်၌ ဖွင့်လှစ်ထားသည့် သဘာဝဘေးကွပ်ကဲမှုရုံးသို့ ရောက်ရှိခဲ့ပြီး ရေဘေးဖြစ်ပွားသည့် နယ်မြေအလိုက် တာဝန်ပေးထားသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများအား ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် စားရေရိက္ခာဖူလုံစေရေးနှင့် လိုအပ်ချက်များအား အချိန်နှင့် တစ်ပြေးညီ ကူညီပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ လာရောက် လှူဒါန်းထားသည့် ထမင်းထုပ်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကြီးနစ်မြှုပ်သည့် နေအိမ်များတွင် အိမ်စောင့်ရန် ကျန်ရှိခဲ့သော ပြည်သူများအတွက် ထမင်းထုပ်များ အချိန်မီရောက်ရှိစေရေး ပူးပေါင်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့အဝင် တိုးဂိတ်အနီး ကားလမ်းရေကျော်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး မြေပြင်ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ ရပ်ကွက်ကြီး(၉)၊ မွန်စုချမ်းမြသုခ လူမှုကူညီရေးရုံး၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ ရောက်ရှိခဲ့ပြီး ရေဘေးသင့်ပြည်သူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပြီး အခြေခံစားသုံးကုန်များ ထောက်ပံ့ပေးအပ် ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်း၌ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ် (၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးနှင့်အတူ ကလိကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းနှင့် ရွာသစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းနှင့် ဒက္ခိဏ သာခါရာမကျောင်းတိုက်၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး အခြေခံစား စားသုံးကုန်များ၊ အသင့်စား ခေါက်ဆွဲခြောက်နှင့် မုန့်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားထောက်ပံ့ငွေ များ ပေးအပ်ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကျောက်ကြီးစုရပ်ကွက်အတွင်း ရေကြီးနစ်မြှုပ်သည့် နေအိမ်များတွင်အိမ်စောင့်ရန်ကျန်ရှိခဲ့သည့် ပြည်သူများအား တပ်မတော်သားများမှ စက်လှေများဖြင့် ထမင်းထုပ်များ ဝေငှနေမှုအားကြည့်ရှုခဲ့ပြီး ကျောက်ကြီးစုရေတားတာ ကြံ့ခိုင်ရေး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။