Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

ပဲခူး အောက်တိုဘာ ၁၇

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၁၇)ရက်နေ့၊ နံနက် ပိုင်းက ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအား ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရေး တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် မိုးစပါးရိတ်သိမ်းနေမှုအား သွားရောက် ကြည့်ရှု အားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရှမ်းရွာကြီးကျေးရွာအုပ်စုသို့ ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရေကြီးနစ်မြှုပ်ခဲ့သည် မိုးစပါးစိုက်ဧကများ ထိခိုက် ပျက်စီးမှုလျော့နည်းစေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး DY-6 ရေပေးမြောင်းမကြီးမှ ရေသွယ်မြောင်း ဖောက်လုပ်နိုင်ရေး တွက်ချက် တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေး စကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကလိကျေးရွာအုပ်စု၊ ဥဿာစိုက်ပျိုး မွေးမြူရေးနှင့် ကုန်ထုတ်သမဝါယမအသင်းလီမိတက်သို့ ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှူးက ငါးကန်များအလိုက် ငါးမျိုးစိုက်ထည့်မွေးမြူနေမှုနှင့် မိုးရွာသွန်းမှုများပြားခဲ့၍ ငါးကန်များရေကျော်ထိခိုက် နစ်နာခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငါးမွေးတောင်သူများ၏ ထိခိုက်နစ်နာခဲ့မှုအား ပြန်လည်ကုစားပေးနိုင်ရေး ဈေးကွက်ရှိပြီး စားသုံးမှုများပြားသည့် ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန် (၂)လက်မအရွယ်ငါးမျိုးများ ပြန်လည်စိုက်ထည့်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲပြီး ရေနစ်မြှုပ်ခဲ့သည့် ငါးကန်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာအုပ်စုနှင့် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာအုပ်စုတို့ရှိ ရေကြီးနစ်မြှုပ်ခဲ့သည့် စပါးစိုက်ခင်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြုကာ မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောင်းသီးနှံ ပဲတီစိမ်းစိုက်တောင်သူများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေးအတွက် မျိုးကောင်းမျိုးသန့် ရရှိရေး၊ နည်းစနစ် မှန်ကန်စေရေး၊ မိုးမွှားရောဂါကင်းရှင်းစေရေး အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကား ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးတွင် အောက်တိုဘာလ ပထမအပတ်မှစတင်၍ မိုးသည်ထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ပဲခူးမြို့နယ်တွင် ကာလတူနှိုင်းယှဉ်ချက်အရ မိုးရေချိန်(၃၈)လက်မ ပိုမိုရွာသွန်းခဲ့ပြီး အောက်တိုဘာလ(၁၇)ရက်နေ့အထိ မိုးစပါးစိုက်ဧက(၈၇၀၁၂)ဧက ရေကြီးနစ်မြှုပ်ခဲ့ပြီး ပြန်ပေါ်ဧက(၇၇၈၅၄) ဧကအနက် (၃၆၂၅၉)ဧကထိခိုက်ခဲ့ကာ (၄၇၁၆)ဧက ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။