Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းတက်ရောက်

တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းတက်ရောက်

ပဲခူး ဧပြီ ၂

===================

          ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဧပြီလ(၂) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက CDM လုပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား မိမိတို့၏ သားသမီးများသဖွယ် နောက်ဆုံးအချိန်အထိ ရုံးတက်ရောက်စေရန် စည်းရုံးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် တစ်ဝက်ရောက်ပြီဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်၏ လျှို့ဝှက်ချက် အက်ဥပဒေကို အထူးလေးစားလိုက်နာရန် မိမိတို့၏ ဝန်ထမ်းများအား အသိပေးပြောထားရန်နှင့် ရုံးပိတ်ရက်များပြားသည့်အတွက် ရုံးဌာနများမီးဘေးလုံခြုံရေးအား ဂရုစိုက်ရန် လမ်းညွန်အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုတင်ပြခဲ့ရာ ကောင်စီဝင်များက လိုအပ်ချက်များ ဖြည့်စွက် ရှင်လင်းအကြံပြုတင်ပြခဲ့ကြပြီး အတွင်းရေးမှူးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်း ထုတ်ပြန်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

          အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။