Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသ ကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ရာဘာအခြေခံသည့် ကုန်ထုတ်လုပ်ငန်း များတွင် သွင်းကုန်အစားထိုး တန်ဖိုးမြှင့်ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် MSMEs လုပ်ငန်းများအတွက် ဒေသထွက်ကုန်ကြမ်းပစ္စည်းများ ပြည့်စုံလုံလောက်စွာရရှိရေး ချိတ်ဆက်ဆောင်ရွက် ပေးရန်နှင့် ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အခွင့်အလမ်းကောင်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း၊ သီးနှံစိုက်စွမ်းအားနှင့် သီးထပ်စွမ်းအား တိုးတက်စေရေး စိုက်ပျိုးနိုင်သည့် မြေနေရာများတွင် မြေလပ်မရှိ စိုက်ပျိုးသွားရန် လိုအပ်ကြောင်းနှင့် ရေကြီးရေနက်ကွင်းများ၊ သဲဆန် ကုန်းကြောမြေများတွင် မည်သည့်သီးနှံစိုက်ပျိုးနိုင်သည်ကို သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနမှ မြေပြင် ကွင်းဆင်း၍ တောင်သူများကို အသိပညာပေးရန်လိုအပ်ကြောင်း၊ လယ်ယာမြေများတွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုနေမှုများအား ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ပင်စင်/လစာများသည် ရရှိသည့်အခွန်ငွေဖြင့် ဆောင်ရွက်ရသဖြင့် တိုင်းပြည်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ အပြည့်အဝရရှိစေရေး အခွန်ပုန်း၊ အခွန်ရှောင်များကို ဖော်ထုတ်ရန်နှင့် တရားမဝင်ကုန်သွယ်မှုများအား စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူရန်လိုအပ်ကြောင်း၊ ရေကြီးနစ်မြှုပ်ခဲ့သည့် ရပ်ကွက်များ/ကျေးရွာများတွင် ရေအားပြန်လည်ကျဆင်းသွားပြီဖြစ်၍ လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရေး သေချာစစ်ဆေး၍ အမြန်ဆုံး လျှပ်စစ်ဓါတ်အားပြန်လည်ရရှိရေး ဆောင်ရွက်ပေး ရန်နှင့် ရေကြီးမှုကြောင့် ပျက်စီးသွားမည့် လမ်း/တံတားများအား အမြန်ဆုံးပြန်လည် ပြင်ဆင်ပေးရန် လိုအပ် ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများ ပိတ်ရက်များတွင် အစားထိုးပြန်လည်သင်ကြားနိုင်ရေးနှင့် မြို့တွင်းသန့်ရှင်းသာယာလှပစေရေး ပြန်လည်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

          ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးအရေးယူမှု အခြေအနေများ၊ ဘဏ္ဍာရေးဆိုင်ရာ လိုက်နာရမည့် အချက်အလက်များ၊ လျှပ်စစ်ကြွေးကျန် ကောက်ခံရရှိမှု အခြေအနေများ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ လမ်း/တံတား ပြင်ဆင်နေမှုအခြေအနေများနှင့် ရုံးလုပ်ငန်းဆိုင်ရာ လုံခြုံမှုအဆင့်အတန်းပေါ် လိုက်နာဆောင်ရွက်ရန် အချက်အလက်များအား ရှင်းလင်း တင်ပြခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အဆင့်မြင့်ပညာဦးစီး ဌာနမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။