Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မတ် ၁၃

=====================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာကြီးပူးနွေးလာမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝ ဘေးန္တရာယ်များအားလုံးကို ကြိုတင်ကာကွယ်ခြင်း၊ သဘာဝဘေးဖြစ်ပွားစဉ် တုံ့ပြန်ဆောင်ရွက်ခြင်း၊ ကူညီ ကယ်ဆယ်ခြင်းလု်ပငန်းများအပြင် သဘာဝဘေးဖြစ်ပွားပြီး ပြန်လည်နေရာချထားခြင်းများအား ပြည်သူနှင့် အတူတကွ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး Video Clip အား ကြည့်ရှုခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။

          အဆိုပါ တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) အမှတ်စဉ် (၁/၂၀၂၃)သင်တန်းအား ဌာနဆိုင်ရာဝန်ထမ်များနှင့် လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ စုစုပေါင်း(၅၀)ဦး ဖြင့် မတ်လ(၁၃) ရက်နေ့မှ မတ်လ(၁၇)ရက်နေ့အထိ သင်တန်းကာလ(၅)ရက်ကြာ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ကြိုတင်စီမံ ခန့်ခွဲမှုများ အသိပညာများ သင်ကြားပို့ချသွားမည်ဖြစ်သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အထက (ဘုရားကြီး)သို့ ရောက်ရှိခဲ့ပြီး စိတ်အေးချမ်းသာစွာ တက္ကသိုလ်ဝင်တန်း(စနစ်ဟောင်း) စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား/သူများအား ကြည့်ရှုအားပေးခဲ့ပြီး စာမေးပွဲဖြေနေစဉ် စာစစ်ဌာနအလိုက် ကျန်းမာရေးအဖွဲ့များ ထားရှိရန်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းအတွင်းရေဝပ်မှုမရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ စာသင်ခုံများ ပြန်လည်ပြုပြင်နိုင်ရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ စာသင်ဆောင်များ ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ကျောင်းပိတ်ရာသီတွင် စာသင်ဆောင်များနှင့် ကျောင်းသုံးပရိဘောဂပစ္စည်းများ ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းစောင့် ရှောက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အထက(ဘုရားကြီး)တွင် စာဖြေဦးရေရှိရင်း(၁၉၀)ဦး၊ လာရောက်ဖြေဆိုသူ (၁၆၇)ဦးဖြစ်ကာ စာမေးပွဲဖြေဆိုသူ(၈၇.၈၉)ရာခိုင်နှုန်းရှိပြီး တိုင်းဒေသကြီးအတွင်း စာစစ်ဌာန(၇၅)ခုရှိကာ စာရင်းရှိ ကျောင်းသားဦးရေ(၁၃၆၃၀)ဦး၊ စာမေးပွဲဖြေဆိုသူ(၁၂၃၈၇)ဦးဖြစ်သဖြင့် (၉၀.၈၈)ရာခိုင်နှုန်း တက္ကသိုလ်ဝင်တန်း(စနစ်ဟောင်း) စာမေးပွဲ ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကျောက်တွင်းကုန်းလမ်းဆုံ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လမ်းကွေ့များဖြောင့်၍ လမ်းဧရိယာတိုးချဲ့နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လျှပ်စစ်မီးတိုင်များ လမ်းဧရိယာနှင့် လွတ်ကင်းသည့်နေရာသို့ ပြန်လည်ပြောင်းရွေ့ရန်၊Internet Fiber Cable များ မြေအောက်မှစနစ်တကျသွယ်တန်းရန်၊ လမ်းဧရိယာနှင့်မလွတ်ကင်းသည့် သစ်ပင်များအား နေရာရွေ့၍ ပြန်လည်စိုက်ပျိုးရန်၊ ကျောက်တွင်းကုန်းလမ်းဆုံသည် ရန်ကုန်-မန္တလေးလမ်းမပေါ်တွင်ရှိပြီး ပဲခူးမြို့တွင်းလမ်းများနှင့် အဓိကချိတ်ဆက်ထားသည့် လမ်းဆုံဖြစ်၍ လမ်းညွှန်အမှတ်အသားများ၊ မီးပွိုင့်များ အား ထင်သာမြင်သာရှိစေရေး တပ်ဆင်ဆောင်ရွက်ရန်၊ မိုးရာသီ လမ်းပေါ်ရေလျှံမှုမဖြစ်စေရေး လမ်းဘေး ဝဲ/ယာ ရေမြောင်းများ ပြန်လည်တူးဖော်ရန်၊ လမ်းမီးတိုင်အမြင့်များ စိုက်ထူဆောင်ရွက်သွားရန်၊ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။‌