Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအဆင့် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

တိုင်းဒေသကြီးအဆင့် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၃

==============

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ ဒုတိယဥက္ကဋ္ဌတို့က ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ မြန်မာရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ မကျင်းပနိုင်ခဲ့သဖြင့် ရိုးရာယဉ်ကျေးမှုအနုသုခုမများ မှေးမှိန်သွားခြင်းနှင့်အတူ အပြန်အလှန်လေးစားမှု၊ ကြီးသူကိုရိုသေ၊ ရွယ်သူကိုလေးစား၊ ငယ်သူကိုသနားဆိုသည့် အလေးထားဖွယ် မိရိုးဖလာဂါရဝတရားများ ပျောက်လုနီးပါး ဖြစ်ခဲ့ရကြောင်း၊ ၂၀၂၂ ခုနှစ်မှစ၍ မြန်မာတိုင်းရင်းသား များ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရှိစေရေးတို့ကို ဦးတည်ရည်မှန်းကာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ပြန်လည်ကျင်းပပေးနိုင်ခဲ့ရာ ယခုဆိုလျှင် (ဒုတိယ)ကြိမ်မြောက် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုကျင်းပသည့် ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုကို ဖော်ပြသည့်ပွဲတော်တစ်ခုဖြစ်ပြီး မျိုးဆက်သစ်များအနေဖြင့် တန်းဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်းနှင့် ပြိုင်ပွဲဝင်မောင်/မယ်များအနေဖြင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲ များတွင် အောင်မြင်မှုများရရှိနိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်ကာ ရိုးသားကြိုးစားစွာ ယှဉ်ပြိုင်ကြစေ လိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်နှင့် ဧည့်သည်တော်များအား ညောင်လေးပင်ခရိုင်မှ ပြိုင်ပွဲဝင် မခင်ရတနာစိုးက “ဂီတအခြေခံ”သီချင်းဖြင့် လည်းကောင်း၊ ပြည်ခရိုင်မှ ပြိုင်ပွဲဝင် မောင်မင်းမျိုးရာဇာက “လုလင်ငယ်သွေး” သီချင်းဖြင့်လည်းကောင်း၊ နတ်တလင်းခရိုင်မှ ပြိုင်ပွဲဝင် မောင်ဇော်မျိုးအောင်နှင့် ပဲခူးခရိုင်မှ ပြိုင်ပွဲဝင် မမေသဇင်မြင့်တို့က “ခေတ်သစ် မြိုင်ထ” အကဖြင့်လည်းကောင်း၊ သာယာဝတီခရိုင်မှ ပြိုင်ပွဲဝင် မောင်မျိုးမင်းခန့်က “ချောကလျာ” သီချင်းဖြင့် လည်းကောင်း၊ တောင်ငူခရိုင်မှ ပြိုင်ပွဲဝင် မောင်တမ်းတမောင်အဖွဲ့က “ဒိုးပတ်အတီး”ဖြင့်လည်းကောင်း အသီးသီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် ပြိုင်ပွဲဝင်များ၊ ဒိုင်လူကြီးများနှင့် နည်းပြများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

         ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် ဦးရေ(၁၃၆)ဦးဖြင့် ပြိုင်ပွဲဝင်ဘာသာရပ်ပေါင်း(၇၀)ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁၁)ခု၊ ငွေတံဆိပ် (၁၁)ခု၊ ကြေးတံဆိပ်(၅)ခု၊ နှစ်သိမ့်ဆု(၅)ဆုနှင့် အထူးဆု(၁)၊ စုစုပေါင်း(၃၃)ဆုရရှိခဲ့ကာ တစ်နိုင်ငံ လုံးတွင် စတုတ္ထအဆင့်ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပဲခူးတိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်ဦးရေ(၂၁၀)ဦးဖြင့် ပြိုင်ပွဲဝင်ဘာသာရပ်ပေါင်း(၇၉)ခု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။