Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းသား တောင်သူများအတွက် သွင်းအားစုနှင့် လက်ဆွဲ ကောက်စိုက်စက်များ ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်

တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းသား တောင်သူများအတွက် သွင်းအားစုနှင့် လက်ဆွဲ ကောက်စိုက်စက်များ ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်

ပဲခူး ဇူလိုင် ၉

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ သမဝါယမ အသင်းသား တောင်သူများအတွက် သွင်းအားစုနှင့် လက်ဆွဲကောက်စိုက်စက်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အစုအဖွဲ့ဖြင့် လယ်ယာမြေဧကအများဆုံး စိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်းသား တောင်သူများအား နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လယ်မြေဧရိယာဧက(၄၀၀၀၀)အတွက် (၁)ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်း နှင့်ညီမျှသည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ၊ ဓါတ်မြေဩဇာသွင်းအားစုများကိုလည်းကောင်း၊ အသင်းသား တောင်သူများက စပါး(၁)တင်းလျှင် (၂၀၀)ကျပ်နှုန်းဖြင့် ( Refund ) ပြန်လည်ပေးအပ်မည့်ငွေ (၁၄၄)သန်းမှ လက်ဆွဲကောက်စိုက်စက် အလုံး(၄၀)အား သက်ဆိုင်ရာခရိုင်(၆)ခုမှ သမဝါယမအသင်းသား တောင်သူများ ကို ပံ့ပိုးထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ ယခုလို ထောက်ပံ့ပေးအပ်သည့် လက်ဆွဲကောက်စိုက်စက်များ ကို စံနမူနာပြအနေဖြင့် အသင်းသားများက အကျိုးရှိရှိသုံးစွဲသွားကြရန်နှင့် အခြားသမဝါယမအသင်းဝင် မဟုတ်သည့် ဒေသခံတောင်သူများလည်း သုံးစွဲနိုင်ရေးကူညီဝန်ဆောင်မှုပေး စည်းရုံးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး ရည်မှန်းချက်ထား ဆောင်ရွက် ရာမှ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်နည်းစနစ်ပြောင်းလဲခြင်းများ လိုက်ပါဆောင်ရွက်ရန် တောင်သူဦးကြီးများကို အဓိကထားတိုက်တွန်းပြောကြားလိုကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိက ကျသည့် စိုက်ပျိုးမွေးမြူရေးအခြေခံသည့် ကုန်ထုတ်လုပ်မှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ သက်ဆိုင်ရာဌာနများနှင့် ဒေသခံတောင်သူဦးကြီးများ သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်ရင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြား ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးမှူးက တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်း သား တောင်သူများအတွက် လက်ဆွဲကောက်စိုက်စက်နှင့် ဓါတ်မြေဩဇာသွင်းအားစု ထောက်ပံ့ပေးရခြင်း အပေါ် ရှင်းလင်းပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ သမဝါယမအသင်းသား‌ တောင်သူများအတွက် လက်ဆွဲကောက်စိုက်စက်နှင့် ဓါတ်မြေဩဇာသွင်းအားစုများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက ပဲခူးခရိုင်အတွင်းရှိ သမဝါယမအသင်းသား‌ တောင်သူများအတွက်လည်းကောင်း၊ စီးပွားရေးရာ ဝန်ကြီးက ညောင်လေးပင်ခရိုင်အတွင်းရှိ သမဝါယမအသင်းသား‌ တောင်သူများအတွက်လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက တောင်ငူခရိုင်အတွင်းရှိ သမဝါယမအသင်းသား‌ တောင်သူများအတွက်လည်း ကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြည်ခရိုင်အတွင်းရှိ သမဝါယမအသင်းသား‌ တောင်သူများ အတွက် လက်ဆွဲကောက်စိုက်စက်နှင့် ဓါတ်မြေဩဇာသွင်းအားစုများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ညောင်လေးပင်မြို့နယ်၊ ရဲနွယ်စိုက်ပျိုးထုတ်လုပ်မှုသမဝါယမအသင်း၊ ဒုတိယဥက္ကဋ္ဌက လက်ဆွဲကောက်စိုက်စက် အသုံးပြု၍ စိုက်ပျိုးခဲ့သည့် နွေစပါးစိုက်ပျိုးစိုက်ပျိုးရာသီတွင် ရရှိခံစားခဲ့ရသည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ ပဲခူးမြို့၊ ရှမ်းရွာကြီးကျေးရွာ အထွေထွေစိုက်ပျိုးထုတ်လုပ်မှုသမဝါယမ အသင်းသား ဦးအောင်နိုင်ထွန်းက ဓါတ်မြေဩဇာသွင်းအားစုနှင့် လက်ဆွဲကောက်စိုက်စက် ထောက်ပံ့ပေး အပ်ခဲ့မှုပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက်ရောက်လာသည့် သမဝါယမအသင်းသား တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစီမံကိန်းဆောင်ရွက်သည့် မြို့နယ်(၂၅)မြို့နယ်မှ အသင်း (၁၉၁) သင်း၏ မိုးစပါးစိုက်ဧက(၄၀၀၀၀)အတွက် ဓါတ်မြေဩဇာသွင်းအားစုတန်ဖိုး ကျပ်သန်း(၈၀၀၀)၊ လက်ဆွဲ ကောက်စိုက်စက်(၄၀)စီးတန်ဖိုး ကျပ်သန်း(၁၄၄)သန်း ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။