Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်း ချက် ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃) ကျင်းပပြုလုပ်

တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်း ချက် ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃) ကျင်းပပြုလုပ်

ပဲခူး မတ် ၁၆

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၁၆)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်းချက် ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃) ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ ဒေသအလိုက် စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်အပေါ် အထူးအလေးထား အောင်မြင်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးရေရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်ပြီး မြို့နယ်အလိုက် မြေပြင်ကွင်းဆင်းပြီး စိုက်ချိန် မှန်ကန်မှုရှိစေရေး၊ စိုက်ပျိုးသီးနှံ မှန်ကန်စေရေး တွန်းအားပေးဆောင်ရွက်ရန်နှင့် ကြဲခင်းစနစ်လျော့ချပြီး အစေ့ချစနစ်နှင့် ပျိုးထောင်စနစ်၊ ကောက်စိုက်စက်စနစ်များဖြင့်  တိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း အသိပညာပေးရန် လိုအပ်ကြောင်း၊ အထွက်နှုန်းကောင်းသည့် မျိုးသန့်မျိုးစေ့များအား သက်ဆိုင်ရာမျိုးသန့် ခြံများမှ ထုတ်လုပ်ဖြန့်ဖြူးသည့်အပြင် တောင်သူအစုအဖွဲ့အလိုက် မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်နိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံ နေကြာသီးသန့်စိုက်ဧကများအား အမှန်တယ်အောင်မြင်ဖြစ်ထွန်းနိုင်သည့် မြေနေရာအား သေချာစိစစ် ရွေးချယ်စိုက်ပျိုးရန်နှင့် ပျားမွေးမြူရေးကိုလည်း တွဲဖက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အသားထုတ်လုပ် မှုနှင့်ပတ်သက်၍ ဒေသအလိုက် မွေးမြူရေးဇုန်များဖော်ထုတ်ပြီး တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် မွေးမြူထုတ်လုပ် နိုင်ရေး အသိပညာပေး စည်းရုံးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း စားရေ ရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး သီးနှံအလိုက် စိုက်ပျိုးထုတ်လုပ်မှုအပေါ် လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းတင်ပြ ဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့ သည်။

          ထို့နောက် တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး သီးနှံအလိုက် စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ က စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး သုံးသပ်ချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လုပ်ငန်းကဏ္ဍအလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများအား Power Point ဖြင့် အသီးသီး တင်ပြဆွေးနွေးခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၏ တင်ပြချက်များနှင့်ပတ်သက်၍ အစိုးရအဖွဲ့ တာဝန်ရှိသူများက စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး သီးနှံအလိုက် စိုက်ပျိုးထုတ်လုပ်မှုအပေါ် ပြန်လည်သုံးသပ် အကြံပြုဆွေးနွေး တင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။