Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူး မေ ၃၁

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၃၀)ရက်နေ့၊ နံနက် ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်း၊ ဆည်ရေသောက်နှင့် အခြားနည်းလမ်းဖြင့် စိုက်ပျိုးရေရရှိသည့်‌ မြေနေရာများတွင် တစ်နှစ်(၃)သီး မဖြစ်မနေ စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊ တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေးအတွက် ယခုအချိန်ကတည်းက စိုက်ပျိုးချိန် မှန်ကန်ခြင်း၊ စိုက်ပျိုးသီးနှံ မှန်ကန်ခြင်းနှင့် စိုက်ပျိုးရေ ရရှိရေးတို့ကို ကြိုတင်စီမံဆောင်ရွက် ပေးနေရခြင်း ဖြစ်ကြောင်း၊ တို်ငးဒေသကြီးအတွင်း စပါးမျိုးကွဲပေါင်း(၃၈)မျိုးခန့် စိုက်ပျိုးနေသည်ကို သိရှိရ၍ စပါးမျိုးကွဲ များပြားမှုကို လျော့ချနိုင်ရေးနှင့် တိုင်းဒေသကြီး(အရှေ့/အနောက်) အထွက်တိုး စပါးမျိုးတူ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ရေငန်ဝင်ရောက်သည့် နေရာများတွင် ရေငန်ဒဏ်ခံ စပါးမျိုး စိုက်ပျိုး နိုင်ရေးနှင့် မိုးနည်းသည့်ဒေသများတွင် ရေငတ်ဒဏ်ခံစပါးမျိုးများ ဖြန့်ဝေဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးရန် အခက်အခဲသည့် ဒေသများတွင် ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများအား စိုက်ပျိုးရေး ဦးစီးဌာနမှ စံပြကွက်များ လက်တွေ့စိုက်ပျိုး သရုပ်ပြသရမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ အပြည့်အဝ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် အခက်အခဲများရှိပါက တင်ပြပေးရန်လိုအပ်ကြောင်း၊ ကျေးလက် နေပြည်သူများ လူမှုစီပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဒေသကြက်မွေးမြူခြင်းကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်အသိပညာပေးခြင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများနှင့် ကျောင်းပြင်ပ ကလေးငယ်များ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံနို်ငရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်မှုများနှင့် ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြပေးရမည်ဖြစ်ကြောင်း၊ တစ်မြို့နယ်လျှင် တစ်လ ကျေးရွာ(၁၀)ရွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပြန်လည်တင်ပြချက်များအပေါ် အထူးအလေးထား ဖြည့်ဆည်းပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ က တိုင်းဒေသကြီးအတွင်း မိုးစပါးနှင့်နွေစပါး (၅)နှစ်စီမံကိန်း ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေနှင့် နွေစပါးတိုးချဲ့စို်ကပျိုးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးမည့် အစီအမံများကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစီမံချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့မှုပေါ် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပူးပေါင်းဆောင် ရွက်သွားမည့် အခြေအနေများအား အကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။