Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အားဖူလုံစွာရရှိစေရေး ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်မည့် စပါးခွံသုံး ဓါတ်ငွေ့လျှပ်စစ်ဓါတ်အားပေးစက်(Gasifire Power Plant) တည်ဆောက်ရေးစီမံကိန်း ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်

တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အားဖူလုံစွာရရှိစေရေး ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်မည့် စပါးခွံသုံး ဓါတ်ငွေ့လျှပ်စစ်ဓါတ်အားပေးစက်(Gasifire Power Plant) တည်ဆောက်ရေးစီမံကိန်း ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်

ပဲခူး မတ် ၉

=======================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အား ဖူလုံစွာရရှိစေရေး ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်မည့် စပါးခွံသုံး ဓါတ်ငွေ့လျှပ်စစ်ဓါတ်အားပေးစက် (Gasifire Power Plant) တည်ဆောက်ရေးစီမံကိန်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်း ရှင်များ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် လယ်ယာစီးပွားရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဟူသည့် လမ်းညွှန် မှာကြားအား အထူးလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက(၂၆)သိန်းကျော်နှင့် နွေစပါးစိုက်ဧက(၃)သိန်းကျော်ရှိပြီး နှစ်စဉ်စပါးစိုက်ဧကသိန်း(၃၀)ကျော် ခန့်အား စိုက်ပျိုးလျက်ရှိကာ စပါးတင်းသိန်းပေါင်း(၂၀၀၀)ကျော် ထွက်ရှိလျက်ရှိကြောင်း၊ စိုက်ပျိုးထွက်ရှိ လာသည့် စပါးများကို အချိန်မီကြိတ်ခွဲနိုင်ရေးနှင့် စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လျှပ်စစ်ဓါတ်အား ပြည့်ဝစွာရရှိ သုံးစွဲနိုင်ရေးသည် အလွန်အရေးပါကြောင်း၊ ဒါကြောင့် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဆန်စက်များမှ ကြိတ်ခွဲထွက်ရှိလာသည့် စပါးခွံများအား အလေအလွင့်မရှိစေရေးနှင့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက် (Gasifire Power Plant)များ တည်ဆောက်သုံးစွဲခြင်းဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓါတ်အားကို အထောက်အကူပြုခြင်းအပြင် အချိန်မရွေး ဆန်စက်များလည်ပတ်နိုင်သဖြင့် ကုန်ထုတ်မှုကဏ္ဍကို ပိုမိုဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ကြောင်း၊ စပါးခွံလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက် (Gasifire Power Plant)မှ ထွက်ရှိလာသည့် လျှပ်စစ်ဓါတ်အားဖြင့် ဆန်စက်လည်ပတ်ခြင်းအပြင် တွဲဖက်၍ ထင်း/မီးသွေး အစားထိုး စပါးခွံလောင် စာတောင့်ထုတ်လုပ်ခြင်း၊ သဘာဝမြေဩဇာထုတ်လုပ်ခြင်းများ ဆောင်ရွက်နိုင်ပါက သစ်တောပြုန်းတီးမှုနှင့် သဘာဝဂေဟစနစ် ကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူး များ ရရှိနိုင်မှာဖြစ်ကြောင်း၊ ယခု ဆွေးနွေးပွဲတွင် ကိုယ်တိုင်စပါးခွံလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက် (Gasifire Power Plant)ဖြင့် ဆန်စက်များ လည်ပတ်ကြိတ်ခွဲနေသည့် လု်ပငန်းရှင်များ ပါဝင်ဆွေးနွေး မည်ဖြစ်၍ တက်ရောက်လာသည့် ဆန်စက်လုပ်ငန်းရှင်များက သိရှိလိုသည်များ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ၊ ဦးရဲဝဏ္ဏက Gasifire Power Plant တပ်ဆင်သုံးစွဲ ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ ဒိုက်ဦးမြို့နယ်၊ ရဲထွန်းဆန်စက်/ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်၊ သနပ်ပင်မြို့နယ်၊ တော်ဝင်ဟင်္သာဆန်စက်လုပ်ငန်းရှင် ဦးရာဇာလင်းတို့က တစ်ရက်လျှင် တန်(၅၀)ကျ အဆင့်မြင့်ဆန်စက်များတွင် စပါးခွံလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်(Gasifire Power Plant)ဖြင့် နေ့စဉ်လည်ပတ်ကြိတ်ခွဲနေမှု၊ လောင်စာတောင့်နှင့် သဘာဝမြေဩဇာထုတ်လုပ်နေမှု အခြေအနေကို လည်းကောင်း၊ ဖြူးမြို့၊ ပါရမီ Gasifire Power Plant ထုတ်လုပ်တပ်ဆင်မှုလု်ပငန်းရှင် ဦးအောင်ဖြိုးက စက်တပ်ဆင်ထုတ်လုပ်မှု အဆင့်ဆင့်အား လည်းကောင်း Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့ကြရာ၊ တက်ရောက်လာသည့် ဆန်စက်လုပ်ငန်းရှင်များက Gasifire Power Plant တပ်ဆင်သုံးစွဲ နိုင်ရေး သိလိုသည်များ မေးမြန်ခဲ့မှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက်ရောက်လာသည့် ဆန်စက်လုပ်ငန်းရှင်များအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာကြသည့် ဆန်စက် လုပ်ငန်းရှင်များအား သနပ်ပင်မြို့နယ်ရှိ ဦးရာဇာလင်း၏ Gasifire Power Plant လည်ပတ်လျက်ရှိသော ဆန်စက်၊ လောင်စာတောင့်ထုတ်လုပ်ခြင်းနှင့် သဘာဝမြေဩဇာထုတ်လုပ်နေမှုများအား သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ဆန်စက်ကြီး(၃၈၂)ခု၊ ဆန်စက်အလတ်(၅၀၁)ခု၊ ဆန်စက်ငယ်(၅၂၇)ခု၊ စုစုပေါင်းဆန်စက်(၁၄၁၀)ခုရှိပြီး စက်ရုံ/အလုပ်ရုံများ စက်စွမ်းအားအပြည့် လည်ပတ်နိုင်ရေး Gasifire Power Plant များအပြင် ဆိုလာစနစ်၊ လေအားစနစ်နှင့် ရေအားစနစ်တို့ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်သုံးစွဲနိုင် စေရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။