Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၃

============

          ဇန်နဝါရီလ(၃)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေး(MSMEs)လုပ်ငန်းများအတွက် ချေးငွေစိစစ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဒေသတွင်းပြည်တွင်းသုံးကုန်နှင့် အခြေခံကျသော စက်မှု/လက်မှုလုပ်ငန်းသည် MSMEs လုပ်ငန်းများ ဖြစ် အများစုသည် မိရိုးဖလာလုပ်ငန်းများဖြစ်ကာ ရေရှည်ရပ်တည်နိုင်ရေးနှင့်  ခေတ်မီကုန်ထုတ်လုပ်ငန်း များဖြစ်စေရေး နိုင်ငံတော်မှ အတိုးနည်းချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်၍ အမှန်တကယ် ဆောင်ရွက် သည့် (MSMEs)လုပ်ငန်းရှင်များကိုသာ ထုတ်ချေးပေးနိုင်ရေး မြေပြင်ကွင်းဆင်းစိစစ်သွားရမှာဖြစ်ကြောင်း နှင့် လျှပ်စစ်မီးခက်ခဲသည့် ဒေသများရှိ စီးပွားရေးလုပ်ငန်းများအတွက် Gasifier များ တပ်ဆင်အသုံးပြုနိုင် ရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSMEs)လုပ်ငန်းရှင်များ ကုန်ထုတ်လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက် စေရေးအတွက် တင်ပြလာသည့် ချေးငွေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား အသေးစိတ် တင်ပြခဲ့ရာ၊ တက်ရောက်လာသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းအကြံပြုတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းတစ်ခုချင်း အလိုက် တည်ဆောက်ဆဲ၊ တည်ဆောက်ပြီးစီးမှုနှင့် အခြားချေးငွေများ ကျန်ရှိမှု ရှိ/မရှိ စိစစ်ခဲ့ပြီး လုပ်ငန်းများ အပေါ် ရသင့်ရထိုက်သည့် ချေးငွေများအား ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် ၂၀၂၃ ခုနှစ်မှစ၍ ငွေကျပ်(၈)ဘီလီယံ ထုတ်ပေးခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေးကဏ္ဍအတွက်‌ငွေကျပ်(၅.၅)ဘီလီယံ၊ မွေးမြူရေးကဏ္ဍ အတွက်ငွေကျပ်(၁) ဘီလီယံနှင့် MSMEs ကဏ္ဍအတွက်ငွေကျပ်(၁.၅)ဘီလီယံ ထုတ်ချေးပေးနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဒေသတွင်း MSMEs လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသ ထွက်ကုန်များ ခေတ်မီသေသပ်လှပစွာ တိုးတက်ထုတ်လုပ်နိုင်ရေး ချေးငွေများဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။