Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၀

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားမြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နေခြင်းဖြစ်သည် ဟူသော အားကစားဆိုင်ရာ ခံယူချက်အတိုင်း အားကစား ကဏ္ဍမြှင့်တင်ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်း သော၊ စွမ်းရည်ထက်မြတ်သော နိုင်ငံသားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲ များတွင် ပဲခူးတိုင်းဒေသကြီးပြေးခုန်ပစ် အသင်းမှ တံခွန်စိုက်ဆုဖလား များရရှိထားပြီး ဆက်လက်၍လည်း ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင် ပြေးခုန်ပစ်အသင်းမှ တစ်ဦးချင်း ဆုနှင့် အသင်းလိုက်ဆုဖလားများရရှိအောင် စိတ်ဓာတ် စည်းကမ်းပြည့်ဝစွာ အကောင်းဆုံး ယှဉ်ပြိုင် ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲကာလအတွင်း ကိုဗစ်(၁၉) စည်းကမ်းချက်နှင့်အညီ နေထိုင်သွားလာ ကြရန်နှင့် အားကစားကွင်း၊ အားကစားရုံ၊ အိပ်ဆောင်များ၌ သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန် ဩဝါဒစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အသင်းခေါင်းဆောင်၊ နည်းပြနှင့် အုပ်ချုပ်သူများထံ အောင်နိုင်ရေးအလံအား ပေးအပ်ခဲ့ပြီး သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် ထောက်ပံ့ငွေကျပ်သိန်း(၂၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် ပြေးခုန်ပစ် အားကစားသမားများ ရွေးချယ်မှု၊ စခန်းသွင်းလေ့ကျင့်မှု နှင့် သွားရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          အဆိုပါ တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲအား နေပြည်တော်၌ ဇန်နဝါရီလ(၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးမှ ပြေးခုန်ပစ်အားကစားသမား(၃၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။