Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး လှေလှော်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး လှေလှော်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၇

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး လှေလှော် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားမြှင့်တင် တည်ဆောက်ခြင်း သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည် ဟူသော အားကစားဆိုင်ရာ ခံယူချက် အတိုင်း အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်းသော၊ စွမ်းရည်ထက်မြတ်သော နိုင်ငံသားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် လှေလှော်ပြိုင်ပွဲများတွင် ပဲခူးတိုင်းဒေသကြီးလှေလှော်အသင်းမှ ရွှေတံဆိပ်ဆုများနှင့် တံခွန်စိုက် ဆုဖလား များရရှိထားသည့် အစဉ်အလာကောင်းရှိပြီး ဆက်လက်၍လည်း ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင် လှေလှော်အသင်းမှ ရွှေတံဆိပ်ဆုများအပြင် တံခွန်စိုက်ဆုဖလားများရရှိအောင် စိတ်ဓာတ် စည်းကမ်းပြည့်ဝစွာ အကောင်းဆုံး ယှဉ်ပြိုင်ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲကာလအတွင်း ကိုဗစ်(၁၉) စည်းကမ်းချက်နှင့်အညီ နေထိုင်သွားလာကြရန်၊ အားကစားကွင်း၊ အားကစားရုံ၊ အိပ်ဆောင်များ၌ သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမား များမှ နိုင်ငံဂုဏ်ဆောင် အားကစားသမားများဖြစ်စေရန် အားကစားစိတ်ဓါတ်အရင်းခံပြီး ကြိုးစားကြ စေလိုကြောင်း ဩဝါဒစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အသင်းခေါင်းဆောင်၊ နည်းပြနှင့် အုပ်ချုပ်သူများထံ အောင်နိုင်ရေးအလံအား ပေးအပ်ခဲ့ပြီး သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမား များအတွက် ထောက်ပံ့ငွေကျပ်သိန်း(၂၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင် က ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် လှေလှော်အသင်း အားကစားသမားများ ရွေးချယ်မှု၊ စခန်းသွင်း လေ့ကျင့်မှုနှင့် သွားရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          အဆိုပါ တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး လှေလှော် ပြိုင်ပွဲအား ရန်ကုန်မြို့၌ ဇန်နဝါရီလ(၃၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ် ပြီး ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား/အမျိုးသမီး လှေလှော်အားကစားသမား(၂၈)ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။