Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်အားပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်အားပေး

ပဲခူး ဩဂုတ် ၁၈

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ(၁၈) ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု အားပေး ခဲ့သည်။

          ရှေးဦးစွာ  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူမြို့၊ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးနှင့် ထီးလှိုင်လမ်းဘေးရှိ မြေဧရိယာ(၇၁.၂၆)ဧက၌ အစိုးရစက်မှုလက်မှု(သိပ္ပံ) ကျောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး တာဝန်ခံကျောင်းအုပ်ကြီး ဦးဌေးမြင့်မှ ကျောင်း တည်ဆောက်ရေးဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး၊ သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဆောက်လုပ်နိုင်ရေး၊ ကျောင်းသန့်ရှင်းသာယာလှပစေရေး၊ တည်ဆောက်ပြီး အဆောက်အဦများအား ထိန်းသိမ်းစောင့်ရှောက်ရန်၊ အဖျက်အမှောက်လုပ်ရပ်များကြောင့် ဖျက်ဆီးခံရမှု မရှိစေရေး ကျောင်းတံခါးများ သေချာပိတ်ထားရန်နှင့် လျာထားချက်အတိုင်း ၂၀၂၂ ခုနှစ်တွင် ကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဆောက်လုပ်ဆဲ စာသင်ဆောင်များအား လည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် တောင်ငူမြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ရှိ ကြက်ခြေနီတပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ ကံရိုးကျေးရွာအုပ်စုရှိ ကေတုမတီ ငါးမွေးမြူရေးကုန်ထုတ်သမဝါယမအသင်းလီမိတက် သို့ ရောက်ရှိခဲ့ပြီး အသင်းဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌမှ နှစ်စဉ်ငါးမွေးမြူထုတ်လုပ်မှု၊ ဒေသခံငါးမွေး လုပ်ငန်းရှင်များအား နည်းပညာသင်ကြားပေးခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေ အား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသတွင်းငါးရိက္ခာဖူလုံစေရေး၊ ဒေသမျိုးများအပြင် တောင်ပေါ်ငါးသလောက် စမ်းသပ်မွေးမြူနိုင်ရေးနှင့် ငါးဆေးထိုးသားဖောက်လုပ်ငန်း များနှင့် ပတ်သက်၍ နည်းပညာလိုအပ်ချက်များ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ငါးမွေးကန်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ် ကံရိုးကျေးရွာအုပ်စု မျိုးစပါးစိုက်ခင်းဧက(၃၀)သို့ ရောက်ရှိခဲ့ရာ မြို့နယ်စိုက်ပျိုးရေးမန်နေဂျာက မိုးစပါး စိုက်ပျိုးပြီးစီးမှုနှင့် မျိုးစပါးစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က မိုးစပါးအပြင် ဒေသဆီဖူလုံမှုအတွက် ဆီထွက်သီးနှံများဖြစ်သည့် မိုးနှမ်းနှင့် ဆောင်းရာသီ မတ်ပဲစိုက်ပါက နေကြာပါ သီးညှပ်စိုက်ပျိုးသွားရန်၊ တောင်သူတွက်ခြေကိုက်သည့် နွေစပါးကိုလည်း လျာထားချက်ကျော်လွန်အောင် စိုက်ပျိုးသွားရန်၊ စိုက်ပျိုးရေး သွင်းအားစုများ စျေးနှုန်းမြင့်တက်နေမှုကို ကုစားပေးနိုင်ရေးအတွက် တောင်သူများ ကိုယ်တိုင် သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရန် နည်းပညာလိုအပ်ချက်များ သင်ကြားပေး နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူများအတွက် ဓါတ်မြေဩဇာ(၅၀)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက်ကျွန်းကုန်းကျေးရွာရှိ ရွှေဝါအအေးခန်း ဥစားကြက်ကောင်ရေ (၇၀၀၀၀)မွေးမြူရေးခြံသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ပြီးနောက် တောင်ငူခရိုင် ပြည့်သူ့ဆေးရုံကြီး၊ ဘုရင့်နောင်ခန်းမသို့ ရောက်ရှိခဲ့ပြီး  ကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကာ ဆေးရုံကြီးအတွက် Oxygen Concentrator (၁၄)လုံးနှင့် ကိုဗစ်-၁၉ ရောဂါ ခံစားခဲ့ရသည့် ကျန်းမာရေးဝန်ထမ်း(၆၉)ဦးအတွက် အင်အားဖြည့်စားသုံးနိုင်ရန် ထောက်ပံ့ငွေ ကျပ်(၆၉)သိန်း၊ သီးခြား ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် အသင့်သောက် မြန်မာ့ရိုးရာလက်ဖက်ရည်ထုပ် များကိုလည်းကောင်း၊ ပြည်သူ့ဆေးရုံများတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသော တပ်မတော်သား ဆေးဝန်ထမ်း များအတွက် တစ်ဦးလျှင် လစဉ်ကျပ်(၃)သိန်းနှုန်းကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်ငူခရိုင်ဆေးရုံ အတွင်း/အပြင် သန့်ရှင်းရေး ဆောင်ရွက် ပေးနေသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းအား ထောက်ပံ့ပေးခဲ့ပြီးနောက် တောင်ငူမြို့ ကေတုမတီကျုံးဟောင်း သန့်ရှင်းသာယာ လှပစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ဘိုးတော်ကုန်း ကျေးရွာအုပ်စု၊ ကြံသီးနှံမျိုးသန့်ခြံသို့ ရောက်ရှိခဲ့ပြီး ကြံမျိုးကောင်းမျိုးသန့်နှင့် စိုက်နည်းစနစ်များ တောင်သူ လက်ဝယ်ရောက်ရှိ စေရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီးနောက် ညောင်ပင်ကိုင်း-ပိတောက်ခင်-ရွာသစ်လမ်း (၁)မိုင် (၄) ဖာလုံ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် သပြေတန်းကျေးရွာ ရတနာတိုး(၁၆)ဧကနှင့် ဆင်းသုခ(၅)ဧက မျိုးစေ့ထုတ် စိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး ဒေသဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံ ပဲအမျိုမျိုးနှင့်နေကြာများ စိုက်ပျိုးနိုင်ရေးနှင့် နွေစပါးတိုးချဲ့စိုက်ပျိုး နိုင်ရေးအတွက် ဆွာချောင်းရေလှောင်တမံမှ ရေပေးဝေနိုင်ရေး ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပြီးနောက် ဒေသခံတောင်သူ များအတွက် ဓါတ်မြေဩဇာ(၅၀)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် ရေတာရှည်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်း များအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေကျပ်(၅)သိန်းနှင့် အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုပ် များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် ပြည်သူ့ ဆေးရုံကြီးများတွင် အောက်စီဂျင်ပိုက်လိုင်းများအား ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ဘတ်ဂျက်မှ ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။