Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှု

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှု

ပဲခူး စက်တင်ဘာ ၁၅

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် စက်တင်ဘာလ(၁၅) ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ဧကရာဇ်-နောင်ပတ္တရာ-သဘော့ကန် ကျေးလက်လမ်း (၁)မိုင်(၃.၈၈)ဖာလုံ ကွန်ကရစ်လမ်းခင်းနေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျေးလက်လမ်းများ ကောင်းမွန်မှသာ စိုက်ပျိုးရေးထွက်ကုန်များ အချိန်မီ ပို့ဆောင် နိုင်မည်ဖြစ်၍ ဒေသခံတောင်သူများအတွက် အကျိုးရှိနိုင်မည်ဖြစ်သဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် လမ်းပုခုံးသားများ အမာခံရရှိရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ ၎င်းနောက် ကျိုက်လှကျေးရွာရှိ အထွက်ကောင်းစပါး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ခင်း တွင် မတူညီစပါးမျိုးကွဲ ရင့်မှဲ့နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအတွက် ဒေသနှင့် ကိုက်ညီသည့် အထွက်တိုးစပါးမျိုးကောင်းများ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး တာဝန် ရှိသူများအား မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဝေါမြို့နယ် မိုးယွန်းကြီး ဇွဲဘတ်တာသို့ရောက်ရှိစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုဦးမှ  ဇွဲဘတ်တာရေတိုက်စားမှုမှကာကွယ်ရန် ကျောက်ကြီးစီခြင်း၊ တာပြုပြင် ခြင်း ဆောင်ရွက်ပြီးစီးမှုနှင့် ထပ်မံ၍တာအဆင့်မြှင့်တင်ခြင်းနှင့် ရေထိန်းတံခါးအသစ်တည်ဆောက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိုးယွန်းကြီးအင်းဇွဲဘတ်တာ သည် ဝေါမြို့နယ် အင်းတိုင်စုကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများအတွက် နွေရာသီ စိုက်ပျိုးရေ ရရှိရေးနှင့် ဒေသငါးမျိုးဝမ်းစာရှာဖွေခြင်းများတွင် အလွန်အားထားနေရသဖြင့် ထပ်မံရေတိုက်စားမှုမရှိစေရေး တာအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။ ၎င်းနောက် ဝေါမြို့နယ် အင်းတိုင်စုကျေးရွာအဝင် မြေသားလမ်း (၃)မိုငကျော်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီး အင်းတိုင်စုကျေးရွာအဝင် ကိုဗစ်စစ်ဆေးရေးဂိတ် တာဝန်ထမ်းဆောင် သူ များ အတွက် Mask နှင့် Hand Gel ဘူးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့ ကလိဆေးရုံ၌ အောက်စီဂျင်စက်ရုံမှ အောက်စီဂျင်ထုတ်လုပ်နေမှု၊ Liquid Oxygen Station တည်ဆောက်ရန်အတွက် စက်ပစ္စည်းများရောက်ရှိနေမှု၊ ပဲခူးမြို့အထွက်မှ ကလိလမ်းဆုံအထိ လမ်းဘေးဝဲ/ယာ အရိပ်ရ သစ်ပင်များ စိုက်ပျိုးထားရှိမှု၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ GAqP စနစ်ဖြင့် ငါးမွေးမြူရေး ကန် တည်ဆောက်နေမှု၊ ဒေသငါးမျိုး ငါးမုတ်နှင့်ငါးခုံးမ ငါးသားပေါက် မွေးမြူနေမှု၊ ပဲခူးမြို့တွင်းရှိ ဟင်္သာလမ်းနှင့် (၃၃)လမ်း ကွန်ကရစ်လမ်းခင်းခြင်း၊ အုတ်ရေမြောင်းနှင့် ပလက်ဖောင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။