Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် မေ ၃

==================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၂)ရက်နေ့က ပြည်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပန်းတောင်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။        ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အထွေထွေ ရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော ပန်းတောင်းမြို့နယ်၊ ဗောဓိတစ်ထောင်ဆရာတော်ကြီးအား သွားရောက်ဖူးမြော်ခဲ့ပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိ ပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကာ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းရခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူ့စစ်တစ်ဦး၏ ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များ၊ လုပ်ငန်းတာဝန်များနှင့် ရပ်ရွာဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ တောင်ဘွေကျေးရွာ၌ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အထွက်နှုန်းကောင်းမြေပဲမျိုး ပြောင်းလဲစိုက်ပျိုးခဲ့သည့် တစ်ကွင်း တစ်ဆက်တည်း မြေဧရိယာ(၁၇၅၁)ဧက မြေပဲစံကွက်နှုတ်သိမ်းပွဲအား ကြည့်ရှုအားပေးခဲ့ရာ တစ်ဧကလျှင် အစိုတင်း(၁၆၈)တင်းထွက်ရှိခဲ့၍ ပဲစိုက်ရာသီတစ်ခုလျှင် တစ်ဧကလျှင် ကျပ်(၂၅)သိန်းကျော် အကျိုးအမြတ် ရရှိကြကြောင်း သိရှိရသည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် သူရဲတန်း လျှပ်စစ် မြစ်ရေတင်စနစ်အား ပြန်လည်ပြုပြင်၍ ရေပေးမြောင်းများတူးဖော်ပေးပြီး မြေဧရိယာ(၁၀၀) ဧကတွင် တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ခဲ့နေမှု အခြေအနေနှင့် စုပေါင်းဓါတ်မြေဩဇာကြဲပတ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း(၄)သွယ် မှန်ကန်စွာ အသုံးပြုနိုင်ရေး ရှင်းလင်းပြာကြားခဲ့ကာ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၃၂)သန်းဖြင့် သူရဲတန်းကျေးရွာအဝင် ကွန်ကရစ်လမ်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်း ပခုံးသားများ အမာခံရရှိရေး ဆောင်ရွက်ရန်နှင့် လမ်းဘေးတစ်လျှောက် လျှပ်စစ်မီးတိုင်နှင့် လွတ်ကင်းသည့် ဘက်တွင် အရိပ်ရပြီး စားသုံးနိုင်သည့် သီးပင်စားပင်များ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။ ၎င်းနောက် ပဲကြီးကျေးရွာ၌ နှစ်စဉ်ရေကြီးနစ်မြှပ်လျက်ရှိပြီး နှစ်ပေါင်း(၃၅)နှစ်ကျော် မစိုက်ပျိုးနိုင်သည့် မြေဧရိယာ(၂၇၀)ဧကအား တစ်နှစ်(၂)သီး အနည်းဆုံးစိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဇီးကုန်းချောင်းရိုး ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုး ရာသီချိန်အမီ လုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေးနှင့် စိုက်ပျိုးမြေများအား ပြန်လည်ဖော်ထုတ်ရာတွင် လိုအပ်သည့် စက်/ ယန္တရားများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။