Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်ထုတ်စွမ်းအား တိုးတက်မြှင့်မားစေရေး ကွင်းဆင်းဆောင် ရွက်ပေးခဲ့

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်ထုတ်စွမ်းအား တိုးတက်မြှင့်မားစေရေး ကွင်းဆင်းဆောင် ရွက်ပေးခဲ့

ပြည် မတ် ၂၉

===========

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်တက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး အစည်းအဝေးခန်းမ၌ ဓာတုဗေဒဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာမြတ်မွန်အေးက ကြံဖတ်နှင့် ပြောင်းဖူးဖတ် တို့မှ လူသုံးကုန်စက္ကူထုတ်လုပ်သည့် အဆင့်ဆင့်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရာသီမရွေး ကုန်ကြမ်းပစ္စည်းလိုသလောက်ရရှိနိုင်သည့် ကောက်ရိုးဖြင့် စက္ကူထုတ်လုပ် နိုင်ရေးနှင့် စက္ကူစက်ရုံများနှင့်ချိတ်ဆက်၍ လိုအပ်သောနည်းပညာများရရှိနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တက္ကသိုလ်ရှိ ဓါတုဗေဒဓါတ်ခွဲခန်းမှ ထုတ်လုပ်ရရှိသည့် ကြံဖတ်နှင့်ပြောင်းဖူးဖတ်တို့မှ ထုတ်လုပ်ထားသည့် စက္ကူများနှင့် အသုံးပြုသည့် ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး နိုင်ငံခြားသုံးငွေ လျော့ချနိုင်ရေးနှင့် ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် လူသုံးကုန်များထုတ်လုပ်နိုင်ရေး သုတေသနပြုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုပေါ် ပါဝင်ဆောင်ရွက်ခဲ့သည့် ဆရာ/ဆရာမများအား မှတ်တမ်းတင်ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ခင်ခင်လင်း ချဉ်ပေါင်ဖူးယိုမျိုးစုံ လုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထုတ်ပိုးမှုစနစ် အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံတကာ အဆင့်မီ ပုံစံပြောင်းလဲထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ကုန်ကြမ်း ပစ္စည်းများ ပိုမိုသိုလှောင်နိုင်ရေးနှင့် ယိုပုံစံပြောင်းလဲ ထုတ်လုပ်ရာတွင် အခဲ/အတောင့်ပုံစံများ ပြောင်းလဲ ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ နဝဒေစက်မှုဇုန်အတွင်း သံရည်ကျိုပုံလောင်း ဆောင်ရွက်နေသည့်လုပ်ငန်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အဆင့်မြှင့်တင် ၍ ကုန်ပစ္စည်းအမယ်မျိုးစုံ တိုးတက်ထုတ်လုပ် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသတွင်း လယ်ယာသုံးစက်ပစ္စည်းများအတွက် အပိုပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး ဦးမြတ်သူ၏ ပွင့်ထွန်းဆန်စက်သို့ သွားရောက်ခဲ့ကာ ပြည်ပနှင့် တိုက်ရိုက်ချိတ်ဆက် တင်ပို့နိုင်ရေးနှင့် လုပ်ငန်းချိန်အတွင်း လျှပ်စစ်မီးရရှိရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် စက်မှုဇုန် လုပ်သားများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးခြင်း အခမ်းအနားသို့ တက်ရောက် ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ခံစားခွင့်များအား အကျယ်တဝင့် ရှင်းလင်းပြောခဲ့ကြောင်း သတင်းရရှိ သည်။