Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ရှေးဟောင်းဆင်ကျုံး၊ အနောက် နန်းတော်ကုန်းနေရာများ ထိန်းသိမ်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ရှေးဟောင်းဆင်ကျုံး၊ အနောက် နန်းတော်ကုန်းနေရာများ ထိန်းသိမ်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဧပြီ ၂၁

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ် အတွင်း စိုက်ပျိုးရေးနှင့် ရှေးဟောင်းဆင်ကျုံး၊ အနောက် နန်းတော်ကုန်းနေရာများ ထိန်းသိမ်းဆောင်ရွက် နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဘုရားလေးကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ စက်မှုလယ်ယာ သို့ အချိန်တိုအတွင်း ကူးပြောင်းနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိစေရေး လက်စွဲကောက်စိုက် စက်ဖြင့် စိုက်ပျိုးသွားရန်၊ တောင်သူဝင်ငွေတိုးပြီး သီးထပ်စွမ်းအား တိုးတက်စေရေးနှင့် နွေစပါး(၂)သီး စိုက်ပျိုးနိုင်ရေး ကြိုတင်ပျိုးထောင်သည့် စနစ်အားအသုံးပြုသွားရန်၊ ရေမြေသဘာဝအလိုက် အထွက်နှုန်း ကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးသွားရန်တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဥက္ကံကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ကွင်းတစ်ဆက်တည်း မြေဧရိယာ (၂၀၀)ဧက နွေစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ တစ်ဧကလျှင် အစိုတင်း(၁၅၅)တင်း ထွက်ရှိကြောင်း သိရှိရသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့အနီး ဟံသာဝတီခေတ် ရှေးဟောင်းဆင်ကျုံး နေရာ ရှာဖွေဖော်ထုတ် ထိန်းသိမ်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ဆင်းကျုံးအတွင်း စိုက်ထူ ထားသည့် ရှေးဟောင်းကျွန်းတိုင်များအား မူလအတိုင်း စနစ်တကျထိန်းသိမ်းသွားရန်၊ ဆင်ကျုံးပတ်လည်ရှိ အုတ်ရိုးများ၊ ဆင်ကျုံးအဝင်လမ်းများ စနစ်တကျဖော်ထုတ်ရန်၊ တူးဖော်ရရှိသည့် အထောက်အထားများဖြင့် အများပြည်သူ လာရောက်လည်ပတ်နိုင်စေရေး ခရီးစဉ်သစ်များ ထည့်သွင်းဆောင်ရွက်သွားရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာရှိ ဘုရင့်နောင် မင်းတရားကြီး ခေတ္တနန်းစိုက်ခဲ့သည့် အနောက်နန်းတော်ကုန်းမြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နန်းတော်ကုန်းမြို့ရိုးများ စနစ်တကျ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းရန်၊ နန်းတော်နေရာ မြို့ရိုးနေရာ အကျယ်အဝန်း ကျုံးနေရာစသည်တို့အား မြေပုံမှတ်တမ်းနှင့်တကွ နယ်နိမိတ်သတ်မှတ်ထားရန် လမ်းညွှန် မှာကြားခဲ့ပြီး အနောက်နန်းတော်ကုန်းမှ မဟာစေတီသို့ထွက်ခွာသည့် ရှေးဟောင်းလမ်းမကြီး နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။