Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၃

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၃)ရက်နေ့၊ မွန်းလွဲပိုင်း က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီ မိုးသီးနှံစိုက်ပျိုးသည့် ရာသီရောက်ရှိ တော့ဖြစ်ရာ မြေအမျိုးအစားနှင့် စိုက်ပျိုးသီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည်ဖြစ်ပြီး တောင်သူ အသိပညာပေး သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အဓိကအရေးပါသည့် သစ်ပင်စိုက်ပျိုးခြင်းများကို ရပ်ကွက်/ကျေးရွာ အလိုက် စုပေါင်း၍ တစ်အုပ်တစ်မ စိုက်ခင်းများ စိုက်ပျိုးသွားရန်နှင့် ပျိုးပင်ရရှိရေးကိုလည်း ပံ့ပိုးကူညီပေး သွားမှာဖြစ်ကြောင်း၊ ကျေးလက်လမ်း များ၏ ဝဲ/ယာတွင် အရိပ်ရပြီး စားသုံးနိုင်သည့် သီးပင်စားပင်များအား လမ်းဖောက်လုပ်ရာတွင် တစ်ပါတည်း စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်နိုင်ရေး ပြုစုထိန်းသိမ်း စောင့်ရှောက်သွားရမှာဖြစ်ကြောင်း၊ ကျောင်းဖွင့်ရာသီအမီ ကျောင်းတွင်း/ပြင် သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းဆောင်များ ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ကျောင်းစာကြည့်တိုက်များတွင် သုတ/ရသ စာအုပ်များ အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေး အသိပညာပေးစာအုပ်စာဆောင်များ ထပ်မံဖြည်းဆည်း ပေးသွားရမှာဖြစ် ကြောင်း၊ မြို့နယ်အလိုက် လယ်ယာသုံးစက်ကိရိယာထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးများအား ထုတ်ပေးနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများအလိုက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဖြစ်စေရေး စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြရာ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြမှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။