Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင် မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင် မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူး ဇူလိုင် ၆

          သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဇူလိုင်လ(၆)ရက်နေ့ မနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ အောက်စု ကျေးရွာအုပ်စုရှိ သဘာဝရေလျှံကွင်းအတွင်း တိုင်းရင်းငါးမျိုးများ စိုက်ထည့်ခြင်းအခမ်းအနားသို့ တက် ရောက်ခဲ့ပြီး ငါးရံ့သားပေါက်ကောင်ရေ(၁)သိန်း၊ ငါးပြေမကောင်ရေ(၁)သိန်းနှင့် ငါးဖမ်းမကောင်ရေ(၅) သောင်းတို့အား သဘာဝရေလျှံကွင်းအတွင်း လွှတ်ပေးခဲ့သည်။

          အဆိုပါ တိုင်းရင်းငါးမျိုးများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တိုင်းရင်းငါးမျိုးများ ပြုန်းတီးမှုမရှိစေရေးနှင့် ငါးရိက္ခာဖူလုံပိုလျှံစေရေးတို့အတွက် ၂၀၂၃ ခုနှစ်မှစတင်၍ တိုင်းရင်းငါးမျိုးများ ထိန်းသိမ်းခြင်း၊ မျိုးဖောက်ခြင်းနှင့် သဘာဝငါးစာပြုလုပ်ခြင်းများအား သုတေသနပြု ဆောင်ရွက်စေခဲ့ရာ ယခုအခါ ငါးရံ့၊ ငါးကျည်းစသော တိုင်းရင်းငါးမျိုးများ အောင်မြင်စွာဖြင့် သားဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ပြီကြောင်း သိရှိရသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ကမာဖရန်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေး မိုးစပါး (YSR-1 စပါးမျိုး) လက်ဆွဲကောက်စိုက်စက်ဖြင့်  စိုက်ပျိုးခြင်းနှင့် သွင်းအားစုထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်နည်းစနစ် ပြောင်းလဲနိုင်စေရေးနှင့် တစ်ဧကစိုက်ပျိုးစရိတ် သက်သာနိုင်စေရေးအတွက် လက်ဆွဲကောက်စိုက်စက်များ ဖြန့်ဖြူးပေးထားပြီးဖြစ်ကာ ပန်းတိုင်အထွက်နှုန်းရရှိနိုင်သည့် မျိုးကောင်း မျိုးသန့်စပါးမျိုးများလည်း ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်၍ တောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေများအား (၂)သီးမှ (၃)သီး တိုးတက်စိုက်ပျိုးကြရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစေ့သန့်စင် ခြင်းနှင့် စိုက်ပျိုးနည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက တက်ရောက်လာသည့် ဒေသခံ တောင်သူများအတွက် ယူရီးယားဓါတ်မြေဩဇာနှင့် အခြားသွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ပြီး YSR-1 စပါးမျိုး ပျိုးထောင်ထားရှိမှုနှင့် တစ်ကွင်းတစ်ဆက်တည်း မိုးစပါးလယ်မြေ ဧက(၁၀၀) လက်ဆွဲကောက်စိုက် စက်ဖြင့် စိုက်ပျိုးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဦးရဲထွန်း၏ အသားတိုးနွား နှင့် ဒေသဆိတ်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးကြောင်း သတင်းရရှိသည်။