Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ပေးနိုင် ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ပေးနိုင် ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် ဇူလိုင် ၁၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည် မြို့နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ ဘောင်ကြီးတင်စနစ်ဖြင့် မိုးနှမ်းစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာအား ဘောင်ကြီးတင်စနစ်ဖြင့် စတင်စမ်းသပ်စိုက်ပျိုးခြင်းဖြစ် ရာ ယခုစနစ်ဖြင့် စိုက်ပျိုးခြင်းသည် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိနိုင်ကြောင်း လက်တွေ့သိမြင် နေရပြီဖြစ်၍ ဒေသခံနှမ်းစိုက်တောင်သူများအား ခေါ်ယူပြသခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျဉ်းမအိုင်ကျေးရွာအုပ်စု၊ ကျောသာကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ရွှေပြည်မြေကုမ္ပဏီတို့ ပူးပေါင်း၍ မိုးမတ်ပဲ(TBL-9)စံပြစိုက်ခင်း (၂၀)ဧကနှင့် မိုးမြေပဲ(မကွေး-၁၆) မျိုးသန့်ပွားစိုက်ခင်း(၁၀၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုတို့အား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး မျိုးပြောင်းလဲခြင်း၊ စိုက်နည်းစနစ်ပြောင်းလဲခြင်းတို့ကြောင့် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိနိုင်မှာဖြစ်၍ မိရိုးဖလာစိုက်နည်းများကို မဖြစ်မနေ ပြောင်းလဲရမည်ကို နားလည်သဘော ပေါက်စေလိုကြောင်း၊ ရာသီဥတုနှင့် စိုက်ပျိုးမြေပေါ်မူတည်ပြီး သီးနှံစိုက်ပျိုးမှုအချိန်ဇယား ပြောင်းလဲဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် ပြည်မြို့၊ နဝင်းရပ်ကွက်၊ ရွှေတချောင်းလမ်းပေါ်ရှိ ဒေါ်စောသန္တာ၏ (အောင်ပဲခွဲစက်) လည်ပတ်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ပဲခွဲစက်မှု ထွက်ရှိလာသည့် ပဲခွံများ၊ ပဲအမှုန်များအား တိရစ္ဆာန်အစာဖြစ် ထုတ်လုပ်ရောင်းချသွားရန်နှင့် ကုန်ကြမ်းအဆင့်ရောင်းချခြင်းထက် တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ရောင်းချနိုင်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေပလ္လင်မှော်စေတီတော်၏ ဓမ္မာရုံ၌ ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် ရေဝင်ရောက်ခဲ့သည့် နဝင်းရပ်ကွက်အတွင်း ရေဘေးသင့်ပြည်သူ များအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရေဘေးသင့်ပြည်သူ (၇၅၃)ဦးအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ဆား၊ အဟာရမုန့်များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး (၂)ပတ်စာ (၃၁၆၂၆၀ဝိ/-)ထောက်ပံ့ပေးအပ်ခဲ့ပြီး ဧရာဝတီမြစ်ရေတက်မှု အခြေအနေအား ကြည့်ရှုခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့ကမ်းနားလမ်း လမ်းချဲ့ခြင်း၊ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။