Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်အားပေးထောက်ပံ့

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်အားပေးထောက်ပံ့

ပန်းတောင်း ဇူလိုင် ၁၇

ဧရာဝတီမြစ်ရေမြင့်တက်ခဲ့မှုကြောင့် ပန်းတောင်းမြို့နယ်ရှိ မြစ်ကမ်းဘေးရှိ အနိမ့်ပိုင်း ရပ်ကွက်/ ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့မှ သွားရောက်အားပေးထောက်ပံ့ခဲ့သည်။

ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့သည် ပန်းတောင်းမြို့၊ ပေါ်တော်မူ (ရှင်ဖြူ)ဘုရားရှိ ရေဘေးကယ်ဆယ်ရေးစခန်းသွားရောက်၍ ရေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အဟာရမုန့်များကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဆန်ရိက္ခာဖိုး(၂)ပတ်စာ ထောက်ပံ့ငွေ(၄၆၄၉၄၀ဝိ/-)အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ရေဝင်ရောက်သည့် ရပ်ကွက်/ ကျေးရွာများအတွင်း ရေပြန်လည်ကျဆင်းသွားပါက အများနှင့်သက်ဆိုင်သည့် နေရာများဖြစ်သည့် စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦ စသည်တို့အား တစ်ပါတည်း သန့်ရှင်းရေးပြုလုပ်ရန်၊ ကျန်မာရေးဆိုင်ရာကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ရန်၊ ရေဘေးကယ်ဆယ်ရေး စခန်းအလိုက်ဌာနဆိုင်ရာပူးပေါင်းပါဝင်သည့်အဖွဲ့များဖြင့် ကြီးကြပ်စောင့်ရှောက်ရန် လမ်းညွှန်ကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ် ဧရာဝတီ မြစ်ကမ်းဘေး မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်း ရေဝင်ရောက်နေမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ရေဝင်ရောက်ခဲ့သည့် ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ပန်းတောင်း-ဥသျှစ်ပင်မြို့ ကားလမ်းတစ်လျှောက် ဧရာဝတီမြစ်ရေဝင်ရောက်မှု အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ရေအမြန်ဆုံးပြန်လည်ကျဆင်းစေရေးနှင့် ရေဝပ်ကျန်ရှိမှုမရှိစေရေး စစ်ဆေးဆောင် ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတောင်းမြို့နယ်၊ ရွှေကျောင်းကုန်းကျေးရွာ၌ ဘောင်ကြီးတင်စနစ်ဖြင့် မိုးနှမ်း(ဆင်းရတနာ-၃) (၁၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်း၏ အကျိုးရလဒ်များသည် အချိန်တိုအတွင်း ရရှိခံစားခဲ့ရပြီးဖြစ်၍ တောင်သူများ အနေဖြင့် မြေလပ်မရှိစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသည့် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိစေရန် ပြောကြားခဲ့ပြီး ရာသီအလိုက် စိုက်ပျိုးသီးနှံများနှင့်ပတ်သက်၍ တောင်သူအသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။