Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဇူလိုင် ၁၇

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါ လျက် ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ ယောထောင့်ကျေးရွာ အနီး၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ထန်းလုံးချောင်းတာ ထူးပေါက်ကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ပြီး ပါဝင်ကူညီဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေ များ ပေးအပ်ခဲ့သည်။ ၎င်းနောက် ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်၊ ရန်ကင်းတန်းလမ်း၌ ရေဝင်ရောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် နတ်တလင်း မြို့၊ ရွှေလင်းဘိုးဘွားရိပ်သာသို့ သွားရောက်၍ အစောင့်အရှောက်ခံ အဘိုး၊ အဘွား(၂၁)ဦးအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြားစားသုံးဖွယ်ရာများ၊ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဇီးကုန်းမြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အားပေး ကူညီလျက်ရှိသောMSMEs လုပ်ငန်းများဖြစ်သည့် တင်ဟော့ဇာထိုးပန်းထိုးအလုပ်ရုံနှင့် တက်လမ်း ဆံပင်သန့်စင်ခြင်းလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကြို့ပင်ကောက်မြို့၊ ဈေးချိုတောင်ရပ်ကွက်၊ ကသည်း တန်းလမ်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော ဦးသက်ထွန်းဦး၏ (ငွေကြွယ်ပေါင်မုန့်လုပ်ငန်း)သို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ထုတ်ကုန်တစ်ခုချင်းအလိုက် ထုတ်ပိုးမှု စနစ်များ အဆင့်မြှင့်တင်နိုင်ရေး၊ ပြည်ပဈေးကွက်အထိ တင်ပို့နိုင်ရေး ရည်မှန်းဆောင်ရွက်ရန်နှင့် FDA  စစ်ဆေးခြင်းနှင့် ထောက်ခံချက်ရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်ဖိုမြို့နယ်၊ သမန်းကုန်းကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်သည့် လက်ဆွဲကောက်စိုက်စက်များဖြင့် မိုးစပါးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများ လက်ဆွဲကောက်စိုက်စက် အသုံးပြုရမည့် နည်းလမ်းများ၊ မြေယာသမန်းပြင်ဆင်ရမည့် အခြေအနေများ၊ ပျိုးထောင်စနစ်များစသည့် အခြေခံအချက်အလက်များအား သိရှိနားလည် အသုံးပြုနိုင်စေရေး ရှင်းလင်းသရုပ်ပြသမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။