Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး အောက်တိုဘာ ၁၇

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၁၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့အတွင်း အသက်(၁၂)နှစ် နှင့်အထက် အခြေခံပညာကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ခဲ့ပြီး အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဆေးလာထိုးသူ ကျောင်းသား/သူများ၊ တာဝန်ကျ ဆရာ/ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အချိုရည်နှင့်အဟာရမုန့်များ ထောက်ပံ့ပေးအပ် ခဲ့သည်။

          ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းပေါင်း (၂၂၄)ကျောင်း အတွက် ဆေးထိုးစုရပ်(၂၁)ခုတွင် အောက်တိုဘာလ(၁၇)ရက်နေ့မှ အောက်တိုဘာလ(၂၄)ရက်နေ့အထိ အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းသား/သူ (၁၄၀၄၄)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးစာရင်းချုပ်အနေဖြင့် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းပေါင်း (၃၀၇၇)ကျောင်းရှိ ကျောင်းသား/သူဦးရေ (၂၁၃၇၈၅)ဦးအား ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။