Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းမှူးတို့ တောင်ငူမြို့နှင့် ရေတာရှည်မြို့များရှိ ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းမှူးတို့ တောင်ငူမြို့နှင့် ရေတာရှည်မြို့များရှိ ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့

တောင်ငူ စက်တင်ဘာ ၁၄

 

         ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့်အတူ စက်တင်ဘာလ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့နှင့် ရေတာရှည်မြို့ များရှိ ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ သာသနာ့ဟိတကာရီ ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင်သဘာဝဘေးကွပ်ကဲမှုရုံးသို့ ရောက်ရှိခဲ့ပြီး ခရိုင်သဘာဝ ဘေးကော်မတီဝင်များနှင့်တွေ့ဆုံ၍ ရေဘေးကယ်ဆယ်ရေးစခန်းအလိုက် ခရိုင်အဆင့်ဌာနဆိုင်ရာ ဦးဆောင်သောအဖွဲ့ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစီစဉ်ဆောင်ရွက်ပေးရန်၊ ရေသန့်လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်လှေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် စေတနာရှင် အလှူရှင် များ၏ တန်ဖိုးငွေကျပ်(၄၆၂၀၀၀၀၀) တန်ဖိုးရှိ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

         ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ ဖွင့်လှစ်ထားသည့် ယာယီ ရေဘေးရှောင်စခန်းများအား သွားရောက်ကြည့်ရှုခဲ့ပြီး ရေဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကာ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တောင်ငူမြို့၊ စစ်တောင်းတံတား မြစ်ရေတက်နေရောက်မှုနှင့် တောင်ငူမြို့အတွင်း စစ်တောင်းမြစ်ရေ ဝင်ရောက်မှုတို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

         ဆက်လက်၍ တိုင်းဒေသကြီး ဝန်ချုပ်နှင့် တိုင်းမှူးတို့သည် ရေတာရှည်မြို့၊ အောင် သစ္စာဘုန်းတော်ကြီး ကျောင်းနှင့် ဝက်တိုးဘုန်းတော်ကြီးကျောင်းတို့၌ ဖွင့်လှစ်ထားသည့်် ယာယီရေဘေးရှောင်စခန်းများသို့ သွားရောက်၍ ရေဘေးရှောင်ပြည်သူများအား ရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ် ရာများနှင့် ကလေးငယ်များအတွက် အာဟာရမုန့်များ ထောက်ပံ့အပ်ခဲ့ကာ ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးများအား သာသာနာတော်ရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်ခဲ့ကြောင်း သတင်းရရှိသည်။