Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တိုင်းမှူးတို့ တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တိုင်းမှူးတို့ တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့

တောင်ငူ စက်တင်ဘာ ၁၅

         ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့်အတူ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းကရေကြီးရေလျှံမှုများအား သွားရောက် ကူညီ ထောက်ပံ့ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ သာသနာ့ဟိတကာရီ ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင်သဘာဝဘေးကွပ်ကဲမှုရုံးသို့ ရောက်ရှိခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး  အောင် သောင်းထိုက်က တောင်ငူခရိုင်အတွင်း ရေဝင်ရောက်မှု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း များအလိုက် တာဝန်ပေးအပ်ထားသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများက ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း များ၏ အခြေအနေများအား သေးစိတ်ရှင်းလင်တင်ပြခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာယီရေဘေးရှောင်စခန်းများအလိုက် စားသောက်နေထိုင် ရေး အဆင်ပြေရန်၊  ကူညီကယ်ဆယ်ရေးအတွက် လိုအပ်သည့် စက်တပ်ရေယာဉ်များ၊ စစ်တောင်းမြစ်ရေ ဝင်ရောက်နိုင်သည့် ရပ်ကွက်/ ကျေးရွာများ ကြိုတင်ပြောင်းရွေ့နိုင်ရေးနှင့် ကူးစက်ရောဂါဖြစ်ပွါးမှုမရှိစေရေး လိုအပ်သည်များ ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ရေဘေးကယ်ဆယ်ရေးနှင့် သီးခြားထောက်ပံ့ရေးဆိုင်ရာများ၊ ရွေ့ပြောင်းရေးဆိုင်ရာ ကိစ္စရပ်များ နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်း  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နေသည့် ရပ်နီးရပ်ဝေးမှ ပရဟိတအသင်းအဖွဲ့များအား ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။

        ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် အုတ်တွင်းမြို့၊ ကြက်သွန်ခင်း(၂) ရပ်ကွက်၊ တိုက်ကျောင်းနှင့် မိုးကုတ်ဝိပသနာကျောင်းတိုက်တို့၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင် စခန်းသို့ သွားရောက်ခဲ့ပြီး ရေဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြာခဲ့ပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာဦးစီးဌာန၏ ဆန်ရိက္ခာဖိုး များ ထောက်ပံ့ပေးအပ်ခဲ့ကာ ကလေးငယ်များအတွက် အာဟာရမုန့်များ၊ ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ကျောင်းတိုက်ပဓာနနာ9ယကဆရာတော်အား သာသနာတော် ရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

        ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ရေတာရှည် မြို့နယ်၊ သာဂရမြို့၊ ကန်ကြီးကျောင်းတိုက်နှင့် သမိုင်းဝင်ဆက်သွားဘုန်းတော်ကြီးကျောင်းတို့၌ ဖွင့်လှစ်ထားသည့် ယာယီ ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ရေဘေးရှောင်ပြည်သူများအား အားပေးစကား ပြောကြားခဲ့ပြီး ဆန်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ကလေးငယ်များအတွက် အာဟာရမုန့်များ၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ ကျောင်းတိုက်ပဓာနနာယက ဆရာတော်ကြီးများအား လှူဖွယ် ဝတ္တုပစ္စည်း များ ဆက်ကပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်လျှောက် ကားလမ်းရေကျော် နေမှုများအား မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။