Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၊ ကျောင်းစုကျေးရွာ၌ ဆိုလာစနစ်ဖြင့် နွေစပါးရေပေးဝေရေး မြစ်ရေတင်လုပ်ငန်း လည်ပတ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၊ ကျောင်းစုကျေးရွာ၌ ဆိုလာစနစ်ဖြင့် နွေစပါးရေပေးဝေရေး မြစ်ရေတင်လုပ်ငန်း လည်ပတ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

သနပ်ပင် အောက်တိုဘာ ၂၇

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ (၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက သနပ်ပင်မြို့နယ် ကျောင်းစုကျေးရွာ၌ ဆိုလာစနစ်ဖြင့် နွေးစပါး ရေပေးဝေရေး မြစ်ရေတင်လုပ်ငန်း လည်ပတ် နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ် ကျောင်းစုကျေးရွာ ဆိုလာစနစ် နွေးစပါးရေပေးဝေရေး မြစ်ရေတင်လုပ်ငန်း လည်ပတ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ စီမံကိန်းရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် လျှပ်စစ်မြစ်ရေတင်စနစ်မှ ဆိုလာ စနစ်ဖြင့် မြစ်ရေတင်စီမံကိန်းအဖြစ် ပြောင်းလဲဆောင်ရွက်ပြီးစီးခဲ့မှုနှင့် နွေစပါးရေပေးဝေရေးလုပ်ငန်း များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာစနစ်ကို အသုံးပြုရခြင်းသည် ရေရှည်အတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် ကျန်ရှိသော လျှပ်စစ်မြစ်ရေတင်စီမံကိန်းများအား ဆိုလာစနစ် ပြောင်းလဲ သွားမည်ဖြစ်ကြောင်းနှင့် ဒေသအတွင်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးကိုလည်း စည်းရုံးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ် မင်းရွာလျှပ်စစ်မြစ်ရေတင် စက်ရုံသို့ ရောက်ရှိခဲ့ပြီး လျှပ်စစ်မြစ်ရေတင်စနစ်အား ဆိုလာစနစ်ဖြင့် ပြောင်းလဲဆောင်ရွက်နိုင်ရေး တွက်ချက်တင်ပြပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် သနပ်ပင်-မင်းရွာ ကျေးလက် ဂဝံလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး တွက်ချက်တင်ပြရန် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်မြေရေတင်လုပ်ငန်း(၂၂)ခုရှိပြီး သနပ်ပင်မြို့နယ် ကျောင်းစု ရေတင်လုပ်ငန်းကို ၂၀၀၅-၂၀၀၆ ခုနှစ်တွင် ဒီဇယ်စနစ်ဖြင့်လည်းကောင်း၊ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် လျှပ်စစ်ရေတင်စနစ်ဖြင့်လည်းကောင်း အသုံးပြုနေခဲ့ရပြီး ယခုအခါလျှပ်စစ်ရေတင်စနစ်မှ ဆိုလာစနစ် ရေတင်လုပ်ငန်းအဖြစ် ထပ်မံပြောင်းလဲ ဆောင်ရွက်နိုင်ခဲ့သဖြင့် နှစ်စဉ်ဓါတ်အားခ ကုန်ကျစရိတ် သက်သာခြင်း၊ နေ့စဉ် မနက်ပိုင်းမှ ညနေပိုင်းအထိ ဆိုလာစနစ်ဖြင့် ရေတင်၍ နွေစပါးစိုက်ဧက(၃၀၀) ကျော်ခန့်အား ရေပေးဝေလျက်ရှိခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နေရောင်ခြည်ကိုအသုံးချသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုစေခြင်းနှင့် ပိုလျှံလာသည့် လျှပ်စစ်ဓါတ်အား များကို အခြားလိုအပ်သည့် စက်ရုံ/အလုပ်ရုံများ သုံးစွဲနိုင်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။