Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေး အသိပညာပေး (GAqP) သင်တန်း(၇/၂၀၂၁)ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေး အသိပညာပေး (GAqP) သင်တန်း(၇/၂၀၂၁)ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

ပဲခူး နိုဝင်ဘာ ၂၃

==================

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ (၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်က အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် ကောင်းမွန်သော ရေနေသတ္တဝါ မွေးမြူရေး အသိပညာပေး(GAqP) သင်တန်း(၇/၂၀၂၁)ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ သည်။

       ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ ငါးမွေးမြူ ထုတ်လုပ်မှုသည် ဒေသအတွင်း ငါးစားသုံးမှုဖူလုံသည့်အပြင် EU နိုင်ငံများနှင့်  အခြားပြည်နယ်/ တိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချနေရပြီး ငါးမွေးမြူရေးလုပ်ငန်းရှင်များအတွက် တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ တစ်နေ့တစ်ခြား တိုးပွားလာသည့် လူဦးရေအတွက် ငါးစားနပ်ရိက္ခာ ပြည့်စုံဖူလုံဖို့ လိုအပ်သလို တစ်ဖက်မှာလဲ မွေးမြူထုတ်လုပ်သည့် ငါးများသည် စားသုံးသူများကို ဘေးဥပါဒ်အန္တရာယ် မဖြစ်စေဘဲ ထုတ်လုပ်မှသာ အဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော ငါးရိက္ခာများစားသုံးခြင်းဖြင့် ပြည်သူလူထုမှာ ကျန်းမာပြီး အသက်ရှည်မှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုလို ကျွမ်းကျင်ဆရာများမှ ပို့ချမှုများကို စိတ်ပါဝင်စားစွာ သင်ယူလေ့လာ မှတ်သားပြီး မိမိတို့၏ လုပ်ငန်းခွင်ကို ပြန်ရောက်တဲ့အခါ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးခြင်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။

        ထို့နောက် ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးထွန်းဝင်းမြင့်က ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေးအသိပညာပေး(GAqP) သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

     အဆိုပါ ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေးအသိပညာပေး(GAqP) သင်တန်းအား နိုဝင်ဘာလ(၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ  ဘေးဥပါဒ်ကင်းစင်သည့် ရေထွက်ပစ္စည်းများဖြစ်အောင် မွေးမြူထုတ် လုပ်သည့် နည်းလမ်းများ၊ နည်းပညာများကို သင်ကြားပေးမည်ဖြစ်ပြီး ငါးလုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်းသင်တန်းသား/သူ(၁၉)ဦး၊ လုပ်ငန်းရှင်(၉)ဦး၊ စုစုပေါင်းသင်တန်း သား/သူ (၂၈)ဦးတက်ရောက်ကြ ကြောင်း သတင်းရရှိသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်တွင်းကုန်းလမ်းဆုံအနီး ရှေးဟောင်းကျောက်ရေတွင်း ပြန်လည်ဖော်ထုတ်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးဝဲယာ လူသွားလမ်း ပလက်ဖောင်းများ ပြန်လည်အဆင့်မြှင့်တင်ရန်၊ ရေစီးရေလာကောင်းမွန် စေရေး ရေနုတ်မြောင်းများ ပြန်လည်အဆင့်မြှင့်တင်ရန်နှင့် Road Sign များ စနစ်တကျ တပ်ဆင်ပေးသွားရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။