Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ ဇန်နဝါရီ ၁၃
======================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်အတူ ဇန်နဝါရီလ(၁၃)ရက်နေ့၊ နံနက် ပိုင်းက သာယာဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့၊ ဆရာစံပန်းခြံသို့ ရောက်ရှိခဲ့ပြီး ပန်းခြံအတွင်းရှိ ဆရာစံအထိမ်းအမှတ် ကျောက်တိုင်နှင့် ပန်းခြံအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကန်ပတ်လမ်း ကွန်ကရစ်ခင်းရန်၊ လမ်းပုခုံးသားများ ထပ်မံဆောင်ရွက်သွားရန်နှင့် အရိပ်ရပန်းအလှပင်များ စနစ်တကျ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် သာယာဝတီသစ်တောဦးစီးဌာနမှ ပြုစုပျိုးထောင်ထားရှိသည့် ရာပြည့်ပျိုးဥယျာဉ်သို့ သွားရောက်ခဲ့ပြီး နှစ်ရှည် အရိပ်ရသစ်ပင်များအပြင် ဒေသနှင့်ကိုက်ညီသော ပျိုးပင်များနှင့် ပရဆေးပင်များ ပြုစုပျိုးထောင်ထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွဲသတ်ကြီးကျေးရွာ၌ Dram Seeder ဖြင့် မျိုးစေ့ချခြင်းနှင့် ပြုပြင်ပြောင်းလဲထားသော လက်ကိုင်ရှည်ထွန်စက်(Upland Tiller) ဖြင့် စုပေါင်းထွန်ယက်ခြင်း သရုပ်ပြပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲထားသော လက်ကိုင်ရှည်ထွန်စက်(Upland Tiller)သည် တောင်သူများအတွက် အလွန်အကျိုးရှိပြီး မြန်ဆန်စွာ ထွန်ယက်နိုင်သဖြင့် အခြားမြို့နယ်များသို့လည်း နည်းပညာများ ဖြန့်ဝေပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာအုပ်စု၌ နေကြာသီးညှပ်(၅၀)ဧက စံပြ ကွက်အား သွားရောက်ကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေး နှစ်စဉ်ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးသွားနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။ ၎င်းနောက် မင်းလှမြို့နယ် အုတ်တွင်း ကျေးရွာရှိ နွေစပါး(ချမ်းမြေ့မေ)မျိုးစေ့ထုတ်စိုက်ခင်း ဓါတ်မြေသြဇာကြဲပတ်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်ဖိုမြို့၊ ဥဿာလမ်း ကွန်ကရစ်ခင်းနေမှုနှင့် အထက(အုတ်ဖို)အတွက် လိုအပ်လျက်ရှိသော စာသင်ခုံ(၅၀)စုံ၊ ကလေးကစားကွင်း ဖြည့်ဆည်းပေးခဲ့ကာ အစည်းအဝေးခန်းမ ပြင်ဆင်ပေးနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ဆရာ/ဆရာမများအတွက် ငွေကျပ်(၁၀)သိန်းနှင့် ကျောင်းသားများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကြို့ပင်ကောက်မြို့ ရေပေးဝေရေး ဆောင်ရွက်နေမှုအခြေအနေနှင့် ကြို့ပင်ကောက်မြို့ စျေးလမ်းကွန်ကရစ်ခင်းနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းမြို့၊ ပေါက်တောလေးကျေးရွာရှိ ဝက်စမိုး-ချောင်းစောက်လမ်း ကွန်ကရစ်ခင်းနေမှုတို့အားကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်ရှိသည့်လမ်းပိုင်းများ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့ပြီးနောက် ပေါက်တောလေးကျေးရွာ မူလတန်းကျောင်းအတွက် လိုအပ်သော ရေစင်အား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဆရာ/ ဆရာမများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းနှင့် ကျောင်းသားများအတွက် အားကစားပစ္စည်းများပေးအပ်ခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့သို့ ရောက်ရှိခဲ့ပြီး အမက(သာစည်) စာသင်ကျောင်း ပြန်လည်ပြုနိုင်ရေးနှင့် ကျောင်းခြံစည်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဆရာ/ဆရာမများအတွက် ငွေကျပ် (၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကာ နတ်တလင်းဆေးရုံသစ် တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။