Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသလမ်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသလမ်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ ဇန်နဝါရီ ၃၀
=======================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဇန်နဝါရီလ(၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ လမ်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ နတ်တလင်းမြို့၊ ဟိန္ဒူဘုရားရှိခိုးကျောင်းသို့ ရောက်ရှိခဲ့ပြီး ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာမျးနှင့် ပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဘက်စုံပြုပြင် မွန်းမံနိုင်ရေး တာဝန်ရှိသူများထံ ကျပ်(၁၀)သိန်းအား လှူဒါန်းခဲ့သည်။၎င်းနောက် မင်းလှမြို့နယ် သစ်တော ဦးစီးဌာန၏ ရွှေဝါမြိုင် ပျိုးဥယျာဉ်သို့ ရောက်ရှိခဲ့ရာ ကျွန်း၊ပျဉ်းကတိုး၊ ပိတောက်၊ ခရေ၊ မန်ဂျန်ရှားနှင့် အခြားနှစ်ရှည်ပျိုးပင်ပေါင်း(၁၂၀၀၀၀)ပင် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နှစ်စဉ်သစ်ပင် စိုက်ပျိုးပွဲတော်များ အတွက်သာမက ပြင်ပပုဂ္ဂလိကများသို့လည်း ဖြန့်ဖြူးပေးနိုင်ရေး တိုးချဲ့ ပျိုးထောင်ထား ရှိရန်နှင့် အဓိကအားဖြင့် ကျေးရွာများသို့ ကျေးရွာထင်းစိုက်ခင်းများတွင် စိုက်ပျိုးနိုင်ရေး မန်ဂျန်ရှားကဲ့သို့ အပင်ကြီးထွားမှုမြန်ပြီး အရိပ်ရသည့် ပျိုးပင်များ ပိုမိုများပြားစွာ ပျိုးထောင်ထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာ အုပ်စု၌ ဧက(၅၀) နေကြာသီးညှပ် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနှင့် အီအမ်ဘိုကာရှီ သာဘာဝမြေသြဇာ ပြုလုပ်ထားရှိမှု တို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ၊ မိမိတို့တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံမှုရှိစေရေး ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန်လိုအပ်သလို တစ်ဘက်မှာလည်း ဆီစားသုံးမှုလျော့ချစေရေး အသိပညာပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ပသွင်းကုန် အစားထိုး သဘာဝမြေသြဇာများ ပိုမိုထုတ်လုပ်နိုင်ရေး နည်းပညာအပြင် ကုန်ကြမ်းပစ္စည်းများ လွယ်ကူစွာရရှိစေရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေကျပ် (၂၅၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော သာယာဝတီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမှ နွယ်ခွေကျေးရွာသို့ ဆက်သွယ်ထားသည့် အရှည်(၁)မိုင်(၃)ဖာလုံ ကျောက်ချောလမ်းခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ အဆိုပါ လမ်းသည် ကျေးရွာ(၆)ရွာ၊ အိမ်ခြေ(၆၂၁)အိမ်နှင့် လူဦးရေ(၂၄၈၈)ဦးမှ အဓိကမှီခိုအားထားရာ တစ်ခုတည်း သောလမ်းဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ လူ့မှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေ ရန်အတွက် အလွန်အကျိုးရှိမည်ဖြစ်၍ သတ်မှတ်စံချိန်စံညွှန်နှင့်အညီ အချိန်မီ ပြီးစီးရေး သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။