Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးဒေသနှင့် တောင်ငူဒေသ မြို့ပြအဆင့်မြှင့်တင်ရေးစီမံကိန်း ရေးဆွဲထားရှိမှုအခြေအနေအား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးဒေသနှင့် တောင်ငူဒေသ မြို့ပြအဆင့်မြှင့်တင်ရေးစီမံကိန်း ရေးဆွဲထားရှိမှုအခြေအနေအား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး

ပဲခူး ဩဂုတ် ၂၈

========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးဒေသနှင့်တောင်ငူဒေသ မြို့ပြအဆင့်မြှင့်တင်ရေးစီမံကိန်း ရေးဆွဲထားရှိမှုအခြေအနေအား တွေ့ဆုံဆွေးနွေး ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  အနာဂတ်တွင် စနစ်ကျသည့် မြို့ပြများ ဖြစ်ပေါ်လာစေရန် အဓိကအားဖြင့် Town Plan များ ရေးဆွဲထားမှုပေါ် အခြေခံပြီး ဆောင်ရွက်ရကြောင်း၊ မြိုပြများအဆင့်မြှင့်တင်တိုးချဲ့ရာတွင် လူနေအိမ်ရာဇုန်၊ စက်မှုဇုန်နှင့် စိုက်ပျိုး/မွေးမြူရေးဇုန်များ၊ ဟိုတယ်ဇုန်နှင့် အခြားဝန်ဆောင်မှုဇုန်များ စသည်ဖြင့် ခွဲခြားထားရန်လိုအပ်မည်ဖြစ်ပြီး ဇုန်တစ်ခုနှင့် တစ်ခုကြား(၁)ကီလိုမီတာ အကွာအဝေးတွင် ကြားခံဇုန်အဖြစ် သစ်တော/သစ်ပင်များ ထားရှိမည့် စိမ်းလန်း ရေးဇုန်တစ်ခု ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပဲခူးဒေသရှိ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေးစီမံကိန်းနှင့် စက်မှုလုပ်ငန်းများတွင် လာရောက်အလုပ်လုပ်ကိုင်မည့် အလုပ် သမားများ အခြေချကျူးကျော်နေထိုင်မှုမရှိစေရေး သီးခြားမြေနေရာ (သို့မဟုတ်) အငှားအိမ်ရာများ တည်ဆောက်ရန် မြေနေရာများ ကြိုတင်ထည့်သွင်း လျာထားရန်လိုအပ်ကြောင်း၊ ပဲခူးဒေသသည် အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်ပေါက်ဖြစ်ခြင်း၊ ပြည်တွင်းကုန်းလမ်းဆုံရာ အချက်အခြာကျသည့် ဒေသ ဖြစ်ခြင်းတို့ကြောင့် အဓိကကုန်စည်ပို့ဆောင်ခြင်း၊ သိုလှောင်ခြင်းတို့အတွက် အားထားရာနေရာတစ်ခု ဖြစ်ပြီး ရန်ကုန်မြို့၏ စီးပွားရေးချဲ့ထွင်ရန် မြေနေရာကြပ်တည်းမှုအပေါ် ပဲခူးဒေသ၌ လက်ခံနိုင်သည့် အခွင့်အလမ်းကောင်းများရှိနေသဖြင့် စနစ်ကျသော မြို့ပြအဆင့်မြှင့်တိုးချဲ့ရေးစီမံကိန်းများ ဇုန်အလိုက် ကြိုတင်သတ်မှတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်အေး က ပဲခူးဒေသ၌ ဇုန်အလိုက် တိုးချဲ့ဆောင်ရွက်သင့်သည့် မြို့ပြအဆင့်မြှင့်စီမံကိန်းများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ဖြိုးဝေက တောင်ငူဒေသ၌ ဇုန်အလိုက် တိုးချဲ့ဆောင်ရွက်သင့်သည့် မြို့ပြအဆင့်မြှင့်စီမံကိန်းများကိုလည်းကောင်း Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ဖြည့်စွက်ရှင်းလင်း အကြံပြုတင်ပြခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့ပြအဆင့်မြှင့်တိုးချဲ့ရေးစီမံကိန်းများ နှင့်ပတ်သက်၍ ဖြစ်ထွန်းလာမည့် စက်မှု/လက်မှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် သတ်မှတ်ခွဲခြားထားသည့် ဇုန်များအလိုက် နေရာချထားနိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖြစ်သည့် Eco Resort များ ဖော်ဆောင်ပေးရန် လျာထားကြောင်း၊   ဒေသအလိုက် ထွက်ရှိလာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များအား တန်ဖိုးမြှင့်စားသောက်ကုန် များအဖြစ် ထုတ်လုပ်နိုင်ရေး နည်းပညာပေးခြင်း၊ သင်တန်းပေးခြင်းများ ဆောင်ရွက်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း၊ တိုင်းမြို့တော်တစ်ခုဖြစ်သည့် ပဲခူးမြို့ကိုလည်း မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း၊ လမ်းပလက်ဖောင်းများ၊ ရေနုတ်မြောင်းများ တည်ဆောက်ခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ခြင်းနှင့် လမ်းဘေးဝဲယာ အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်းတို့ကို စတင် ဆောင်ရွက်လျက်ရှိပြီး ပဲခူးမြို့တော်အား စံနမူနာယူရမည့် တိုင်းမြို့တော်တစ်ခုအဖြစ် ရောက်ရှိစေရေး ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုလို ပဲခူးဒေသနှင့် တောင်ငူဒေသ မြို့ပြအဆင့်မြှင့်တိုးချဲ့ရေး စီမံကိန်းများအား လာရောက်ဆွေးနွေး တင်ပြမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

          အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။