Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ မတ် ၁၁

============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး တောင်ငူခရိုင်နှင့် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ရန်ကုန်-မန္တလေးလမ်းမကြီး မြို့တွင်းလမ်းပိုင်း ကွန်ကရစ်ခင်းနေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ ယာဉ် အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် ညဘက်တွင်မြင်နိုင်သည့် ရောင်ပြန်လမ်းပြင် အမှတ် အသား ဆိုင်းဘုတ်များတပ်ဆင်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ နေကြာအထွက်နှုန်း တိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ (၁)နှစ်သုံးသီး သီးထပ်စိုက်ပျိုးနိုင်ရေး၊ မြို့တွင်း/မြို့ပြင်သန့်ရှင်းသပ်ရပ်စေရေးမှာကြားခဲ့ကာ မြို့ဝင်လမ်းမီးလိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး ထန်းတပင်ဆေးရုံသို့သွားရောက်၍ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တည်ဆောက်ပေးထားသော Oxygen Plant လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေကျပ် (၅)သိန်း ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးခရိုင်၊ ညောင်လေးပင်မြို့သို့ သွားရောက်ခဲ့ပြီး စုပေါင်းရုံး ဆောက်လုပ်ရန် မြေနေရာနှင့် ဝန်ထမ်းအိမ်ယာဆောက်လုပ်ရန် လျာထားမြေနေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး သီးခြားဖြည့်ဆည်းပေးရမည့် လိုအပ်ချက်များအား စုစည်းတင်ပြပေးရန်နှင့် ဆီထွက်သီးနှံနေကြာစိုက်ပျိုးနိုင်သည့် စစ်တောင်းမြစ်ကမ်းတစ်လျှောက် ကိုင်းကျွန်းမြေများအား မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု အဖွဲ့နှင့် ပူးပေါင်း၍ ဖော်ထုတ်ဆောင်ရွက် သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်၊ ဘိုင်းဒါးစံပြကျေးရွာတောင်သူ ဦးတင်ဦး၏ ခရမ်းနှင့် နေကြာ(ဓါတုကင်းလွတ်စိုက်ခင်း) သီးညှပ်စိုက်ပျိုး အောင်မြင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မျိုးကောင်းမျိုးသန့်ရရှိနိုင်ရေး၊ ဆိုလာရေတင်စနစ် စမ်းသပ်နိုင်ရေးနှင့် ကိုယ်တိုင်လုပ်သဘာဝမြေဩဇာ ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ အမှတ်(၂၉)၊ ရွာသစ် ကျေးရွာအနောက်ပိုင်း အေးမြကြည် ကုမ္ပဏီလီမိတက်၏ သံရည်ကြိုလုပ်ငန်းမှ စင်္ကာပူနိုင်ငံသို့ တင်ပို့ မည့် မြောင်းအဖုံးထုတ်လုပ်နေမှုနှင့် ပြည်တွင်းဆောက်လုပ်ရေးသုံး သံထည်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး သံထည်ပစ္စည်းများ မိုရိုက်ပုံသွင်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ပြည်တွင်းအသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ တိုးတက်စေရေးနှင့် ပြည်ပဈေးကွက် ပိုမိုတိုးချဲ့တင်ပို့နိုင်ရေးနှင့် နည်းပညာလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။