Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံပိုလျှံမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံပိုလျှံမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

တောင်ငူ မတ် ၁၃
===============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၁၂)ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ဘုရင့်နောင်ခန်းမ၌ တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံပိုလျှံနိုင်ရေး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သွားရောက် တွေ့ဆုံသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင် သာယာရေးလုပ်ငန်းသည် အရေးကြီးကြောင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး လမ်းဘေးဝဲယာ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ပြည်သူ့အသံကို နားထောင်ရန်လည်းလိုအပ်ကြောင်း၊ လမ်းမြေဧရိယာနှင့် ဌာနဆိုင်ရာဧရိယာများတွင် ကျူးကျော်မှုမရှိစေရေး တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ယခုနှစ်ဘတ်ဂျက်တွင် လမ်း/ တံတား/ ရေ/ လျှပ်စစ်မီး အဓိကဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှု ပိုလျှံစေရေး နေကြာသီးသန့်စိုက်ဧက တိုးတက်ရန် အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မကြာမီ အခြေခံပညာကျောင်းများတွင် အေးချမ်းတည်ငြိမ်စွာ ကလေးငယ်များ ကိုဗစ်စည်းကမ်းနှင့်အညီ စာမေးပွဲဖြေဆိုနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန်၊ ရုံးတွင်း/ရုံးပြင် လုံခြုံရေး၊ ရုံးစာလုံခြုံရေးနှင့် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံတော်လျှိုဝှက်ချက် အက်ဥပဒေကို အထူးအလေးထား လိုက်နာရန်နှင့် ဌာနဆိုင်ရာအလိုက် လိုအပ်ချက်များရှိပါက တင်ပြပေးရန် ပြောကြားခဲ့သည်။
ထို့နောက် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထက်က တောင်ငူခရိုင်ဒေသဆိုင်ရာ အချက်အလက်အား လည်းကောင်း၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့က ရန်ကုန်-မန္တလေးလမ်းဘေး ရေမြောင်းတူးဖော်ခြင်းနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့ ကေတုမတီမြို့တော်ခန်းမ ပြန်လည်ပြုပြင်နေမှု၊ ရန်ကုန်-မန္တလေးလမ်းဘေးဝဲယာ ရေနုတ်မြောင်း ပြန်လည်တူးဖော်နိုင်ရေးနှင့် မင်းကြီးညိုရုပ်တုပန်းခြံ ပြန်လည်မွမ်းမံနိုင်ရေး ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်ချက်ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခပေါင်းခန်းမနှင့် တောင်ငူမိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးပညာသင်တန်း ကျောင်းသို့ သွားရောက်ခဲ့ပြီး ရုံးမြေနေရာ လိုအပ်ချက်၊ စက်ပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းပေးခဲ့ပြီး သင်တန်းဆရာမများအတွက် ငွေကျပ်(၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ဖိုးကြာညိုကျေးရွာရှိ တောင်သူ(၁၇)ဦးပိုင် လယ်မြေဧရိယာ(၁၀၀)ဧကအား စနစ်တကျလယ်ယာဖော်ထုတ်၍ နွေစပါးစိုက်ပျိုးပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ တောင်သူ(၁၇)ဦးအတွက် ဓာတ်မြေဩဇာ (၃၄)အိတ် ထောက်ပံ့ပေး အပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးမည့် စီမံချက်အား မြေပုံဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် တောင်ငူမြို့နယ်၊ ဒိုးအင်းကျေးရွာအုပ်စု၊ မဝါကျေးရွာ စစ်တောင်မြစ်ကမ်းတစ်လျှောက် ဆီထွက်သီနှံ ဆင်းရွှေကြာ(၂) နေကြာသီးသန့်(၁၀၄)ဧက အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။