Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့အား မြို့ပြအင်္ဂါရပ်နှင့် အညီဖြစ်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့အား မြို့ပြအင်္ဂါရပ်နှင့် အညီဖြစ်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သနပ်ပင် မတ် ၂၄

===================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်အတူ မတ်လ(၂၃)ရက်နေ့၊ မွန်းလွဲ ပိုင်းက သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ် တို့အား မြို့ပြအင်္ဂါရပ်နှင့် အညီဖြစ်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့၊ မြို့တွင်းလမ်းဘေး(ဝဲ/ယာ) ရေနုတ်မြောင်းနှင့် Box Culvert ပြုလုပ်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး သတ်မှတ်စံချိန်စံညွန်းနှင့်အညီ အချိန်မီပြီးစီးရေး လမ်းညွှန်မှာ ကြားခဲ့ပြီးနောက် အခြေခံပညာအထက်တန်းကျောင်း(သနပ်ပင်)သို့ သွားရောက်ခဲ့ပြီး အခြေခံပညာအလယ်တန်းနှင့်အထက်တန်း စာမေးပွဲဖြေဆို နေမှုအား ကြည့်ရှုခဲ့ကာ ကျောင်းတွင်းမြေဖို့ရန်၊ ရေနုတ်မြောင်းတူးဖော်ပေးရန်၊ စက်ဘီးရပ်နားရန် နေရာများပြုလုပ်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းကို ကျောင်းအုပ်ဆရာမကြီးအား ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူး-သနပ်ပင်-ခရမ်း-သံလျင် လမ်းပေါ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော သနပ်ပင်မြို့တွင်း တံတား တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ၊ တံတားဆိုင်ရာအချက်အလက်များအား တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးတိုးတိုးနှင့် တံတားအထူးအဖွဲ့(၉)၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မိုးတို့က ရှင်းလင်းတင်ပြခဲ့မှုပေါ် တံတားချဉ်းကပ်လမ်းများ တစ်ပါတည်းပြီးစီးစေရေးနှင့် တံတားချဉ်းကပ်ခုံများ ရေတိုက်စားမှုကာကွယ်နိုင်ရေး စနစ်တကျ တည်ဆောက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီးနောက် အဆိုပါလမ်းပေါ်ရှိ ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်လျက်ရှိသော မုဒုတံတားနှင့် သက္ကလတံတားတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ သက္ကလမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့ရာ သက္ကလဈေးကြီးလမ်း လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းနှင့် ကတ္တရာထပ်ပိုးလွှာ ခင်းပေးရန်၊ အေးလမင်းလမ်း အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်၊ မြို့အဝင်လမ်းအား အဆင့်မြှင့်တင်ပေးရန်တို့ အား တင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ မြို့အင်္ဂါရပ်နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တင်ပြပါလမ်းမြေနေရာ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သက္ကလ(၁၆)ကုတင်ဆံ့ တိုက်နယ် ဆေးရုံသို့ သွားရောက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ဆေးရုံ အတွက် လိုအပ်သော (၄)ခန်းတွဲ ရေချိုးခန်းအိမ်သာပါ အဆောင်(၂)ခုအား ဆောက်လုပ်ခြင်းနှင့် ဆေးရုံဥပဓိရုပ်ကောင်းမွန်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း များအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောက်လုပ် ပြီးစီးခဲ့သည့် ကဝမြို့အဝင် သံဘေလီတံတားအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပဲခူးမြစ်ကမ်းပါးတစ်လျှောက် နွေစပါးနှင့် စားဖိုဆောင်သုံး (ဟင်းသီးဟင်းရွက်) စိုက်ခင်းများ စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။