Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဝေါမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဝေါမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ဝေါ ဧပြီ ၂၃

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဝေါ-ကြာလဟာ-ဦးမိုးစုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအရည် အသွေး ကောင်းမွန်စေရေးနှင့် လမ်းပုခုံးသားများ ဂဝံအမာခံရရှိရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ညောင်ခါးရှည် လုံခြုံရေးနှင့်စစ်ဆေးဂိတ်အား သွားရောက်ကြည့်ရှုစစ်ဆေး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ တရားမဝင်ကန့်သတ်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေး၊ တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ် ဝင်ရောက်မှုမရှိစေရေးနှင့် လုပ်ငန်းဆောင်ရွက်မှုတိုင်း လုံခြုံရေး အသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ နွေစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဧပြီလကုန်အပြီး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးနှင့် နိုင်(၄)စာရင်းများ Server ထဲသို့ ဧပြီလအကုန်အပြီး ထည့်သွင်းနိုင်ရေး တစ်လလျှင် ကျေးရွာ(၁၀)ရွာ စိုက်ပျိုးရေးနှင့်‌ မွေးမြူရေးလုပ်ငန်းများ အသိပညာပေး ဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီးနောက် အစည်းအဝေးခန်းမ၌ နိုင်(၄)စာရင်းများ Server အတွင်းသို့ ထည့်သွင်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး နိုင်(၄)စာရင်းထည့်သွင်းနေသည့် ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေကျပ်(၄)သိန်း ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ရာ ဆေးရုံဝန်းအတွင်း ဂဝံ အမာခံမြေဖို့ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းအား ဆေးရုံအုပ်ကြီးထံ ပေးအပ်ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာ၊ တောင်သူ ဦးစိုး၏ (မိုးစပါး၊ ပဲတီစိမ်း၊ နွေစပါး) သုံးသီး၊ သီးနှံ ပုံစံစိုက်ခင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟတ်တာကွက်များ ဖော်ထုတ်ရန်၊ ဆည်လက်တံရေပေးမြောင်းများ ပြန်လည်တူးဖော်နိုင်ရေးနှင့် ပတ်ဝန်းကျင် တောင်သူများအား သုံးသီး သီးနှံစိုက်ပျိုးစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး တောင်သူများအတွက် ဓါတ်မြေဩဇာ(၂၀)အိတ် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။