Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ညောင်လေးပင် မေ ၃

=================

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့်အတူ မေလ(၃)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ညောင်လေးပင်မြို့အား ခရိုင်မြို့အဖြစ် အဆင့်မြှင့်ထုတ်ပြန်ခဲ့ပြီးဖြစ်၍ ခရိုင်မြို့စံချိန်စံညွှန်းနှင့်အညီ လိုအပ်ချက်များ ဖြည့်ဆည်းဆောင် ရွက်ပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး စသည်တို့ကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လိုအပ်ချက်များရှိပါက တင်ပြပေးရန် လိုအပ်ကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးအား သမားရိုးကျ မိရိုးဖလာနည်းအတိုင်း စိုက်ပျိုးမွေးမြူခြင်းမျိုးမဟုတ်ဘဲ ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးမွေးမြူနိုင်ရေးစနစ်သို့ ပြောင်းလဲနိုင်ရေး အရှိန်အဟုန်မပြတ် ကျေးရွာများအထိ ဆက်လက် အသိပညာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ညောင်လေးပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဖုန်းမောင်က ညောင်လေးပင် မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှု အခြေအနေများအား PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ဆေးရုံ အတွင်း/အပြင် သန့်ရှင်းသပ်ရပ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် အလင်းဖွင့်အမိုး ပြန်လည် ပြင်ဆင်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ ငွေကျပ်(၁၀)သိန်းအား ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်၊ ဇီးကုန်းလေးစံပြ ကျေးရွာ၊ တောင်သူဒေါ်တင်နု၏ ထိုင်းနှံကောက်စပါး ရိတ်သိမ်းချွေလှေ့နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သာဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် မျိုးကောင်း မျိုးသန့် ရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထိန်တပင်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး စီးပွားဖြစ်ဒေသကြက် မွေးမြူရေးခြံ(၂၁)ခြံ၌ ဒေသကြက်ကောင်ရေ(၈၁၀၀) မွေးမြူနေမှုအား ကြည့်ရှုအားပေးခဲ့ကာ တိရစ္ဆာန်ကူးစက်ရောဂါ ကျရောက်မှုမရှိစေရေးနှင့် မျိုးကောင်း မျိုးသန့် ဒေသကြက်သားပေါက်နှင့် ကြက်ဥသားဖောက်စက်ရရှိစေရေး ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး ထိန်တပင်ကျေးလက်ကျန်းမာရေးဦးစီးဌာန ခြံစည်းရိုးကာရံပေး နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း မြေဧရိယာ (၅၀)ဧကအား မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ကြဲပတ်ပွဲ သရုပ်ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး သဘာဝမြေသဩဇာဖြစ်သည့် ပိုက်ဆံလျှော်မျိုးစေ့များအား တောင်သူတိုင်း စိုက်ပျိုးနိုင်ရေး မျိုးစေ့များဖြန့်ဝေပေးရန်နှင့် စဉ်ဆက်မပြတ် မျိုးပြန်လည်ရရှိရေး အသိပညာပေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။