Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်း အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်း အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၃၀

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ(၃၀)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်း အခမ်းအနားသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာဝဘေးအန္တရာယ်များ နေ့စဉ်ပိုမိုဖြစ်ပွားတွေ့ကြုံနေရကာ မြန်မာနိုင်ငံတွင် လည်း ရာသီဥတု၊ ပထဝီအနေအထားအရ ဒေသအလိုက် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး စသည့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ လည်း ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် ဧရာဝတီမြစ်ရေ မြှင့်တက်မှုများကြောင့် တိုင်းအတွင်း ဒေသအချို့၌ ရေကြီး/ရေလျှံမှုများ ဖြစ်ပွားလေ့ရှိကာ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိသည်ကို သိရှိရကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ မီးသတ်တပ်ဖွဲ့ဝင်များရဲ့ မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာလုပ်ငန်း စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရေးအတွက် နှစ်စဉ်လေ့လာသင်ယူ ကြိုးစားလေ့ကျင့်သွားရမည်ဖြစ်ကြောင်း၊ မီးသတ် သမားကောင်းတစ်ယောက်တွင်ရှိရမည့် ခိုင်မာတည်ကြည်သည့် စိတ်ဓါတ်၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားမှု၊ အတွေ့အကြုံရင့်ကျက်မှု၊ နည်းပညာကြွယ်ဝမှုတို့နှင့် ပြည်သူလူထုကို အလုပ်အကျွေးပြုခြင်းဖြင့် မွန်မြတ်သော စိတ်ဓါတ်အား အစဉ်အမြဲ မွေးမြူထားရမှာဖြစ်ကြောင်း၊ ဂုဏ်ယူဖွယ်ရာကောင်းပြီး သမိုင်းကြောင်းအစဉ် အလာကောင်းများ ပိုင်ဆိုင်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစိန်ခေါ်မှုများကို အနိုင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မဇင်းဆည်အတွင်း ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ တပ်ဖွဲ့ဝင်ဝန်ထမ်းများမှ ရေပြင်မီးငြိမ်းသတ်ခြင်း၊ ရေပြင်ရှာဖွေကယ်ဆယ်ခြင်း၊ ရေနစ်သူအား ဘောကွင်းပစ်ကယ်ဆယ်ခြင်းနှင့် ခေတ်မီကယ်ဆယ်ရေးစက် Life Buoy ဖြင့် ရေနစ်သူ ကယ်ဆယ်ခြင်း သရုပ်ပြမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး သရုပ်ပြမီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုထောက်ပံ့ငွေကျပ် (၅)သိန်း အား ထောက်ပံ့ပေးအပ်ခဲ့ပြီး မီးသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်း မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရယ်များ ဖြစ်ပွားလာပါက အချိန်မီကူညီကယ်ဆယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်အတွက် မီးသတ်ရေယာဉ်/စက်လှေ(၂၃)စီး၊ Life Jacket (၁၀၉၆)ထည်၊ Chain Saw (၃၃)လုံးနှင့် အခြား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများအား မြို့နယ်များအလိုက် ကြိုတင်ဖြန့်ဝေ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။