Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နှင့် ပန်းတောင်းမြို့နယ်များသို့ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နှင့် ပန်းတောင်းမြို့နယ်များသို့ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည် မေ ၁၀
==================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၉) ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နှင့် ပန်းတောင်းမြို့နယ်များသို့ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ဖြည့်ဆည်းပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ပြည်တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ သရုပ်ပြ/နည်းပြ အသစ်ခန့်အပ်ထားသည့် ဆရာ/ဆရာမများအား သွားရောက်တွေ့ဆုံအားပေး စကားပြောကြားခဲ့ပြီး ဖောင်ကြီးသင်တန်းသို့ တက်ရောက်ရမည့် ဆရာ/ဆရာမ (၆)ဦးအား တစ်ဦလျှင်ကျပ်(၁)သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကာ တက္ကသိုလ် ဝန်ထမ်းရေးရာ၌ ကျောင်းအပ် လက်ခံနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ နဝင်းချောင်းတံတား ချဉ်းကပ်လမ်း ပြိုကျမှုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည် ကာကွယ်ရေးနည်းလမ်းအတွက် ဆောင်ရွက်နိုင်ရေး တွက်ချက်တင်ပြပေးရန် ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ (ကံကလေး) ပုသိမ်-မုံရွာလမ်းပေါ်၌ လမ်းအပိုင်းအလိုက် (၂၄)ပေအကျယ် ကွန်ကရစ်ကတ္တရာ လမ်းချဲ့ထွင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် ပန်းတောင်းမြို့နယ်သစ်တောဦးစီးဌာန၊ လဲရွာပျိုးဥယျာဉ်၌ သစ်မျိုးစုံ(၄၅၀၀၀)ပင် ပြုစုပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ ပြီးနောက် သစ်တောရုံးဝန်းအတွင်း ဖမ်းဆီးရမိ သစ်များအား အမိုးအကာအောက်တွင် စနစ်တကျ ထားရှိစေရေးနှင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချု်ပနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ခုံကြီးကျေးရွာ (ဘူးရိုး ချောင်း) ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်ကမ်းပြို ကာကွယ်ရေး နည်းလမ်းဖြစ်သည့် ချောင်းဖြောင့်သည့်လုပ်ငန်းများလည်း နှစ်အလိုက် စီမံချက်များချမှတ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့၊ ပေါ်တော်မူ(နေရာဦး) ဘုရား ဝန်းအတွင်း၌ အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုနေသည့် သံဃာ/သီလရှင်(၆၂)ပါးတို့အား သွားရောက် ကြည်ညိုခဲ့ပြီး ကြီးကြပ်ရေးဆရာတော်များအား နဝကမ္မအလှူငွေကျပ်(၁၀)သိန်း ဆက်ကပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် ပန်းတောင်းမြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်း၊ ဆေးရုံတက် လူနာ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်လူနာ များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌ အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုနေသည့် သံဃာ/သီလရှင်(၈၈၃)ပါးတို့အား သွားရောက်ကြည်ညိုခဲ့ပြီး ကြီးကြပ်ရေးဆရာတော်များအား နဝကမ္မ အလှူငွေကျပ်(၁၀)သိန်း ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် အဆိုပါစာသင်ကျောင်း၌ Grade(8) သင်ရိုးသစ် နည်းပြသင်တန်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး သင်တန်းသား/သူ နှင့် ဆရာ/ဆရာမများအတွက် သင်တန်းကာလအတွင်း စားစရိတ်ကျပ်(၂၅၂၈၀၀ဝိ/-) အား သီးခြားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။