Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပညာရေးမြှင့်တင်မှုသင်တန်းများအား သွားရောက်ကြည့်ရှု့ အားပေးထောက်ပံ့

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပညာရေးမြှင့်တင်မှုသင်တန်းများအား သွားရောက်ကြည့်ရှု့ အားပေးထောက်ပံ့

ပြည် မေ ၁၀
====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့်အတူ မေလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) ပညာရေးမြှင့်တင်မှုသင်တန်းများအား သွားရောက် ကြည့်ရှု အားပေးထောက်ပံ့ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်သော Grade(5) သင်ရိုးသစ် မြို့နယ်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဖွင့်အမှာ စကား ပြောကြားခဲ့ကာ သင်တန်းနည်းပြ(၆၈)ဦးနှင့် သင်တန်းသား(၈၈၂)ဦးတို့ အတွက် သီးခြားထောက်ပံ့ငွေကျပ်(၇၆)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၌ တစ်နှစ်(၃)သီး စမ်းသပ်စိုက်ပျိုးနေသည့် တောင်သူ ဦးနေမျိုးဝင်း၏ ချည်မျှင်ရှည်ဝါ (၅)ဧကနှင့် တောင်သူ ဦးမျိုးမင်းသိန်း၏ နွေနှမ်း(၅)ဧက စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တစ်ကွင်းတစ်ဆက်တည်းရှိ လယ်ယာမြေများ မြေလပ်မရှိ တစ်နှစ်(၃)သီးစိုက်ပျိုးနိုင်ရေး ဆည်ရေရရှိစေရေး မြောင်းလက်တံများရှင်းလင်းပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပြည်လမ်း မိုင်(၁၅၇/၃-၁၅၇/၅)ကြား ယာဉ်အန္တရာယ်ဖြစ်စေနိုင်သည့် မျက်ကွယ်လမ်းကွေ့အား လမ်းဖြောင့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းလုပ်ငန်းဆိုင်ရာ အချက်ပြစနစ်များ ထားရှိရန်နှင့် မိုးရာသီမရောက်မီ မြေသားလုပ်ငန်းပြီးစီးစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့ ပြည်သူ့ဆေးရုံကြီးအသစ် ဆောက်လုပ်မည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးရာသီမရောက်မီ အောက်ခြေမြေသား အမာခံရရှိစေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ၎င်းနောက် နတ်တလင်းမြို့၊ စည်ပင်သာယာဦးစီး ဌာနပိုင်မြေနေရာ၌ မိုးလုံလေလုံဖူဆယ်အားကစားကွင်း၊ တင်းနစ်အားကစားကွင်း၊ အလေးမ အားကစား ခန်းမ တည်ဆောက်နေသည့် အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရိုးရာခြင်းလုံး အားကစားရုံ တစ်လုံးအား ထပ်မံတည်ဆောက်ပေးနိုင်ရေး တင်ပြခဲ့မှုအပေါ် တွက်ချက်တင်ပြရန် တာဝန်ရှိသူများကြား မှာကြားခဲ့ပြီးနောက် သာကျမဟာ မြတ်မုနိဘုရားကြီးသို့ သွားရောက်ဖူးမြှော်ကန်တော့ခဲ့ကာ ဘုရားဝန်းအတွင်းရှိ သာသနာ့ရက္ခိတ ကျောင်း ဆောင်၌ သံဃာတော်/သီလရှင်များမှ အစိုးရပါဠိပထမပြန် ဖြေဆိုနေမှုအား ဖူးမြှော်ကြည်ညိုခဲ့ပြီး ကြီးကြပ်ရေး ဆရာတော်ကြီးများအား နဝကမ္မအလှူငွေကျပ်(၅)သိန်းအား ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့ မြို့ရေပေးဝေရေး ရေစက်ရုံသို့ ရောက်ရှိခဲ့ပြီး ရေစုကန်အတွင်း/အပြင် သန့်ရှင်းစေရေးနှင့် ရေကောင်းရေသန့် ထပ်မံဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် ကြို့ပင်ကောက်မြို့နယ် သာယာကုန်း ကျေးရွာ၊ တောင်သူဦးသိန်းထွန်း၏ ပိုက်ဆံလျှော်မျိုးစေ့(၅)ဧက စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများအတွက် ဓါတ်မြေဩဇာသွင်းကုန်အစား ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မွန်းလွဲပိုင်း၌ အုတ်ဖိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်ချက်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် အုတ်ဖို မြို့အဝင် လမ်းဘေးဝဲယာ ရေနုတ်မြောင်းတူးဖော်ပေးရန်နှင့် လမ်းမြေဧရိယာအတွင်း တရာမဝင် ကျူးကျော် နေထိုင်မှုမရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။