Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျန်းမာရေး၊ ပညာရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျန်းမာရေး၊ ပညာရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး

သာယာဝတီ မေ ၁၂

=================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်း ကျန်းမာရေး၊ ပညာရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိခဲ့ပြီး လူနာစောင့်များ၊ ဆေးရုံ တက်လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး ဆေးရုံအတွက် လိုအပ်လျက်ရှိသော လူနာစောင့် နားနေဆောင် တိုးချဲ့ပေးနိုင်ရေး တွက်ချက်တင်ပြရန်၊ ဆေးရုံတွင်း/ပြင် သန့်ရှင်းသပ်ရပ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ တောရာကုန်းကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးဝင်းသိန်း၏ ဒေသကြက်ကောင်ရေ(၃၅၀၀) မွေးမြူအောင်မြင်နေမှုအား ကြည့်ရှု အားပေးခဲ့ပြီး သဘာဝမှရရှိသည့် ရေမှော်နှင့်နေဗီယာမြက်အား ကြက်စာအစားထိုးကျွေးမွေးရေး၊ ဒေသကြက် ပိုမိုမွေးမြူနိုင်ရေး အသိပညာပေး တိုးချဲ့ဆောင်ရွက်ရန် တာဝန်ရှိသူအား လမ်းညွှန်မှာ ကြားခဲ့သည်။ ၎င်းနောက် ကုန်ကုန်း ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၌ တောင်သူ ဒေါ်အေးသန်း၏ GW11 နွေစပါး မျိုးစေ့ထုတ်စံပြ စိုက်ခင်း(၅)ဧကမှ တစ်ဧကတင်း(၁၈၀)ထွက်ရှိမှုနှင့် ရိတ်သိမ်းချွေလှေ့နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ  အထွက်တိုးစပါးဖြစ်သည့် GW11 စပါးမျိုးအား အခြားတောင်သူများလည်း စိုက်ပျိုးနိုင်ရေး အသိပညာပေး စည်းရုံးဆောင်ရွက်သွားရန်နှင့် စနစ်တကျလယ်ယာ ဖော်ထုတ်ပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ အခြေခံပညာအထက် တန်းကျောင်း(သုံးဆယ်)တွင် Grade(5) မြို့နယ်အဆင့် သစ်ရိုးသစ်ဆင့်ပွားသင်တန်း သင်ကြားနေသည့် ပညာရေးဝန်ထမ်းများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး နည်းပြ၊ သင်တန်းသား/သူ ဆရာ/ဆရာမ(၈၅၇)ဦးတွက် သီးခြားထောက်ပံ့ငွေ(၆၈၅၆၀၀ဝိ/)အား ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း သို့ သွားရောက်၍ ပထမနှစ် (စီနီယာအတန်းနှင့်ဂျူနီယာအတန်း) တက်ရောက်နေသည့် ကျောင်းသား/သူများ၊ တတိယနှစ် တက်ရောက်နေသည့် ကျောင်းသား/သူများ၊ ဆရာ/ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ၍ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် နိုင်ငံတစ်ခုဖြစ်ပြီး ပြည်သူအများစုသည် ကျေးလက်နေသူများဖြစ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကထား လုပ်ကိုင်ကြသူများဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းမှသင်ကြားပေးသည့် သိပ္ပံနည်းကျ စိုက်နည်းစနစ်များ၊ အဆင့်မြင့် မွေးမြူရေးစနစ်များအား သေချာတတ်မြောက်စွာ သင်ယူပြီး မိမိတို့ဒေသရှိ တောင်သူလယ်သမားများအား အသိပညာ ပြန်လည်မျှဝေသင်ကြားပေးခြင်းများ ဆောင်ရွက်ကြမှသာ ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုး တက်လာနိုင်မှာဖြစ်ကြောင်း၊ ဒါမှသာ ကျေးလက်-မြို့ပြ ကွာဟမှုနည်းပါးလာပြီး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား/သူများ မြန်မာနိုင်ငံ၏ အဓိကကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ခေတ်စနစ်နှင့်အညီ ပြောင်းလဲ လာသည့် နည်းပညာများအလိုက် အထူးကြိုစားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့ပြီး ကျောင်းအတွက် လိုအပ်လျက်ရှိသော သောက်ရေသန့်စက်တပ်ဆင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သီးခြားထောက်ပံ့ငွေကျပ် သိန်း(၂၀)အား ကျောင်းအုပ် ဆရာမကြီးထံ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။