Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဖြူး မေ ၂၂

=====================

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မေလ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း (အရှေ့ခြမ်း) စိုက်ပျိုးနိုင်သည့် မြေနေရာများတွင် မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဖြူးမြို့နယ်၊ တံခွန်တိုင်ကျေးရွာ အုပ်စု၊ သဖန်းတန်းကျေးရွာအနီးတွင် နွေစပါး(၈၀၀)ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး ယာယီဖြူးချောင်းပိတ် လုပ်ငန်း တည်ဆောက်ရေး မြေနေရာသို့ရောက်ရှိခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးမှ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုးနိုင်သည့် မြေနေရာများ မြေလပ်မရှိ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိရေးကို နည်းလမ်း ပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယခုပြုလုပ်ပေးသည့် ယာယီဖြူးချောင်းပိတ်လုပ်ငန်း သည် တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ တစ်နှစ်ပတ်လုံး စိုက်ပျိုးရေ ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပြီး တောင်သူများအနေဖြင့် တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်မှသာ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ အုပ်စု၊ ဦးသန်းနိုင်၏ ဆင်းသုခမျိုးစပါး စံပြကွက် ရိတ်သိမ်းချွေလှေ့နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး၊ နွေစပါးတစ်ဧက တင်း(၁၈၀)ကျော် ထွက်ရှိသည့် GW11 စပါးမျိုးအား ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး၍ တောင်သူများစိုက်ပျိုးနိုင်ရေး အသိပညာပေးရန်၊ ခိုင်မာပြီး ဈေးကွက်ရှိစပါးမျိုးများ လည်း တိုးချဲ့စိုက်ပျိုးသွားရန်၊ သွင်းအားစုလျော့ချသုံးစွဲနိုင်ရေး မြေယာဓါတ်ခွဲစမ်းသပ်ခြင်းနှင့် သဘာဝ မြေဩဇာထုတ်လုပ်သုံးစွဲနိုင်ရေး အသိပညာပေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံ တောင်သူများအတွက် နေကြာမျိုးစေ့များ ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ဆေးရုံတက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပြီး Oxygen Plant ပြင်ဆင်နိုင်ရေး၊ ဆေးရုံတွင်း/ပြင် သန့်ရှင်းသပ်ရပ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့ရိုး ဟောင်းပေါ်ရှိ ပြတိုက်ဟောင်းနေရာနှင့် ကျုံးအနောက်ဘက်ခြမ်း အပန်းဖြေဥယျာဉ် တည်ဆောက်မည့် မြေနေရာတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာမြေနေများတွင် ကျူးကျော်မှုမရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး တောင်ငူမြို့၊ ဆုတောင်းပြည့်ရွှေဆံတော်စေတီတော်သို့ သွားရောက်ဖူးမြော်ကန်တော့ခဲ့ပြီး ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ဘက်စုံပြုပြင်မွန်းမံနိုင်ရေး အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။